ဗိုက်မှာ အဆီတွေစုပြီး ပိုပိုများလာတယ်ဆိုတာက သင်ကိုယ်တိုင်လုပ်နေမိတဲ့ အလေ့အကျင့်ဆိုးတွေကြောင့် ဖြစ်တာများပါတယ်။ တချို့ဆို ခန္ဓာကိုယ်ကမဝပဲ ဗိုက်မှာအဆီတွေရှိနေတာ၊ အဆီတွေများနေတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အလေ့အကျင့်ဆိုးတွေကို ပြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

ညအိပ်ချိန်နဲ့အစာစားချိန်ကပ်နေခြင်း

ညအိပ်ချိန်နဲ့ အစာစားချိန်ကပ်နေရင် အဆီတက်၊ ဝိတ်တက်စေပြီး ဗိုက်မှာလည်း အဆီတွေလာစုစေပါတယ်။ အကောင်းဆုံးက အိပ်ချိန်နဲ့ အစာစားမယ့်အချိန်ကို အနည်းဆုံး ၃ နာရီခွာထားရပါမယ်။

TV ကြည့်ရင်း၊ အလုပ်လုပ်ရင်း မုန့်စားခြင်း

TV ကြည့်ရင်း၊ အလုပ်လုပ်ရင်းနဲ့ မုန့်စားတာ၊ ထမင်းစားတာတွေက ဗိုက်ထဲကို များများဝင်စေပြီး ကိုယ်ဘယ်လောက်စားနေမိလဲဆိုတာကို မသိတော့ပါဘူး။ ဇိမ်နဲ့အကြာကြီးထိုင်စားနေမိတဲ့အတွက် ဗိုက်အဆီတွေလည်း ပိုများလာစေပါတယ်။

Protein ဓာတ်မလုံလောက်ခြင်း

Protein ဓာတ်က ကြွက်သားတွေအပါအဝင် Tissues တွေတည်ဆောက်ခြင်းနဲ့ ပြုပြင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အစားအသောက်တွေမှာ Protein ဓာတ် လုံလောက်စွာမရရှိခြင်းက ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပြီး Metabolism ကိုလည်း နှေးကွေးစေပြီး ဗိုက်အဆီကျဖို့ ခက်ခဲစေပါတယ်။ ဗိုက်အဆီရှိတဲ့သူဆို အဆီတွေပိုများလာစေနိုင်ပါတယ်။ Protein ဓာတ်ကြွယ်ဝတဲ့ Snacks တွေက အချိန်ကြာကြာ ဗိုက်ပြည့်နေစေလို့ ဗိုက်အဆီကျဖို့၊ အဆီမတက်ဖို့ ပိုပြီးထိရောက်မှုရှိစေပါတယ်။

ရေကိုလုံလောက်စွာမသောက်ခြင်း

ရေအလုံအလောက်မသောက်ရင် ရေဓာတ်ခန်းခြောက်သွားနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက ကယ်လိုရီလောင်ကျွမ်းဖို့ ခက်ခဲစေပါတယ်။ ဒါကြောင့် အဆီကျချင်ရင်၊ အဆီမတက်ချင်ရင် ရေကိုလုံလောက်စွာ သောက်သုံးရပါမယ်။

Calories များတဲ့အစားအသောက်တွေစားသုံးခြင်း

Calories များတဲ့ အစားအသောက်တွေစားသုံးခြင်းက သင့်ကို ဗိုက်အဆီများစေရုံတင်မဟုတ်ပဲ ဝိတ်လည်းတက်လာစေပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့သူတွေဆိုရင် အစားအသောက်ကို Calories တွက်စားကြတာပါ။

အိပ်ချိန်မလုံလောက်ခြင်း

2022 ခုနှစ်ရဲ့ ဆန်းစစ်ချက်တစ်ခုအရမှာတော့ အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဆာလောင်မှုဟော်မုန်းတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေတောင့်တခြင်းတို့ကို ပိုပြီးတိုးလာစေတယ်လို့ ကောက်ချက်ချထားပါတယ်။

အရက်အသောက်များခြင်း

အရက်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ Waistlines တွေကို ပျက်စီးစေပြီး Calories လည်း ပိုတက်လာစေပါတယ်။ ဒီတော့ ဗိုက်အဆီလည်း ပိုများလာစေတာပေါ့။

ခန္ဓာကိုယ်လှုပ်ရှားမှုနည်းခြင်း

ခန္ဓာကိုယ်က လှုပ်ရှားမှုနည်းပြီး အထိုင်များနေရင်လည်း စားသမျှက ဗိုက်နဲ့ခါးမှာ အဆီတွေသွားစုပြီး အဆီတွေများလာစေပါတယ်။ ဒါကြောင့် ကိုယ်က လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင်မှ စားသောက်ပြီးရင် လမ်းလျှောက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။