လူတိုင်းကတော့ အချစ်ခံချင်ပြီး ဂရုစိုက်ခံချင်ကြတဲ့ သူတွေချည်းပါပဲ။ သမီးရည်းစား ဆက်ဆံရေးမှာဆို ပိုလို့တောင် လိုလားကြပါတယ်။ ဒါပေမဲ့ Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ချစ်နေရုံနဲ့ မပြီးပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေးရမယ်၊ ကိုယ်ချင်းစာစိတ် မွေးရမယ်၊ တစ်ယောက်က အနိုင်လိုချင်တဲ့အခါ အခြားတစ်ယောက်က အလျော့ပေးတတ်ရပါတယ်။

တစ်ဖက်လူက အလျော့ပေးတိုင်းလည်း ကိုယ်ကချည်း အနိုင်ယူချင်လို့မရပါဘူး။ မလျော့မတင်း စောင်းကြိုးညင်း ဆိုတဲ့စကားအတိုင်း သူ တင်းတဲ့အခါ ကိုယ်ကလျော့၊ ကိုယ် တင်းတဲ့အခါ သူကလျော့မယ်ဆိုရင် ကြိုးမပြတ်တော့ပါဘူး။

စာဖတ်သူရော ကိုယ်ချစ်တဲ့ ချစ်သူလေးနဲ့ သက်ဆုံးတိုင် ရွှေလက်တွဲသွားချင်ပါသလား။ ချစ်ရတဲ့ ကိုယ့်ရဲ့ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အခြေခံအချက်လေးတွေကို သိထားဖို့ လိုမယ်နော်။

ရိုးသားမှု ရှိပါ

Source: Shutterstock

သမီးရည်းစား ဆက်ဆံရေးမှ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ရိုးသားမှုရှိရပါမယ်။ ကိုယ့်ချစ်သူနဲ့က တစ်ဘဝလုံး လက်တွဲသွားရမှာ ဖြစ်တဲ့အတွက် ရိုးသားမှုက ပိုလို့တောင် အရေးကြီးပါတယ်။

ချုပ်ခြယ်မှု မပြုလုပ်ပါနဲ့

Source: Shutterstock

လူတိုင်းက လွတ်လပ်မှုကို မြတ်နိုးကြပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေက နေရထိုင်ရတာ ကျဉ်းကြပ်လာရင်၊ ကိုယ့်ကို ချုပ်ခြယ်လွန်းလို့ ပိတ်လှောင်ခံနေရတယ်လို့ ခံစားလာရပြီဆိုရင် အဲ့ဒီ Relationship က ဘယ်လိုမှ အခြေအနေကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လျော့သင့်တဲ့ နေရာမှာ လျော့၊ ချုပ်သင့်တဲ့နေရာမှာ ပညာသားပါပါနဲ့ ချုပ်တတ်ရပါမယ်။

ပွင့်လင်းမှု ရှိပါ

Source: Shutterstock

ကိုယ်က ချစ်လို့ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေ မထားဘဲ ပွင့်လင်းမှု ရှိရပါမယ်။ အခက်အခဲ ကြုံလာတဲ့အခါ တစ်ယောက်တည်း မရင်ဆိုင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလေးနဲ့ ရင်ဆိုင် ဖြေရှင်းမယ် ဆိုရင် သံယောဇဉ်ကြိုးတွေ ပိုလို့တောင် ခိုင်မာလာပါလိမ့်မယ်။

အကောင်းမြင်စိတ်ရှိပါ

Source: Shutterstock

တစ်ဖက်သား ပြုလုပ်တဲ့ အပြုအမူတိုင်းကို ကိုယ့်ဘက်က ကျေနပ်တင်းတိမ်ရောင့်ရဲမှု မရှိဘဲ အဆိုးမြင်စိတ်နဲ့ ဝေဖန်မှု မပြုလုပ်သင့်ပါဘူး။ ဥပမာ ကိုယ့်ကို လာကြိုတဲ့အချိန်နောက်ကျနေမယ်ဆိုရင် ရောက်ရောက်ချင်းမှာ ဆောက်နဲ့ထွင်းသလို “ဘာလုပ်နေလို့ အခုမှလာတာလဲ၊ ဘာလို့ နောက်ကျနေတာလဲ” စတဲ့ အမောဆို့စေမယ့် စကားလုံးတွေနဲ့ ဝေဖန်ပြစ်တင်နေမယ့်အစား အကျိုးသင့် အကြောင်းသင့် မေးမြန်းကြည့်ပါ။

လူတိုင်းက သူ့အခက်အခဲနဲ့ သူ ရှိတတ်ကြပါတယ်။ သင် မသိသေးတဲ့ အိမ်တွင်းရေး ပြဿနာတွေ ဒါမှမဟုတ် အလုပ်မှာ ပြဿနာတစ်ခုခု ကြုံလာရတာတို့ လမ်းမှာ မတော်တဆမှု တစ်ခုခု ကြုံလာရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

မိမိ ကိုယ်ကို အချိန်ပေးပါ

Source: Shutterstock

ချစ်သူတစ်ယောက်ရလာပြီဆိုတာနဲ့ ကိုယ့်ရဲ့ ရှိသမျှအချိန်အကုန်လုံးကို သူ့တစ်ယောက်တည်းကိုပဲ ပုံအောပေးထားတာမျိုး မဖြစ်ပါစေနဲ့။ တစ်ဖက်သူက သူ့ကို တွယ်ကပ်လိုက်တာ ဆိုတဲ့ အမြင်မျိုး ထင်မြင်သွားအောင် မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ့် အားလပ်ချိန်လေးမှာ သူငယ်ချင်းတွေနဲ့ ရှော့ပင်ထွက်တာ၊ မုန့်ထွက်စားတာ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ အိမ်မှာ နားနားနေနေ နေရင်း အသားအရေလှအောင် မျက်နှာပေါင်းတင်နေတာမျိုး၊ ဗဟုသုတ တိုးပွားအောင် စာဖတ်နေတာမျိုး ပြုလုပ်ပေးလိုက်ပါ။ သူများကို မချစ်ခင် ကိုယ့်ကိုယ်ကို အရင် ချစ်တတ်အောင် ကြိုးစားလိုက်ပါ။