လူအများကြားထဲရောက်နေချိန်မှာ မျက်နှာအနေအထားတွေ၊ လက်ဟန်ခြေဟန် အနေအထားတွေ ဘယ်လိုရှိနေလဲဆိုတာကို သိပ်ပြီးဂရုစိုက်လေ့မရှိကြပါဘူး။ ပြီးတော့ ဒီအရာတွေကို အရေးကြီးတယ်လို့ ယူဆထားလေ့လည်း မရှိကြပြန်ဘူး။ တကယ်တော့ Body Language ဟာ အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ Body Language ဟာ သူ့ရဲ့ ပင်ကိုစရိုက်တွေ ခံစားချက်တွေကို ဖော်ပြနေလေ့ရှိကြပါတယ်။ နောက်ပြီး ဒီ Body Language ကပဲ အလုပ်ရဖို့ (သို့) လူတွေနဲ့ ရင်းနှီးမှုရဖို့လည်း စွမ်းဆောင်ပေးနိုင်သလို လူတွေ မိမိကိုရှောင်ဖယ်သွားအောင်လည်း ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ဒီနေ့တော့ လူမှုဆက်ဆံရေးမှာ အဆင်မပြေလှသော Body Language အကြောင်းကို ပြောပြပေးသွားမှာပါ။

ပျော့တိပျော့ခွေနေခြင်း

ဒီကိုယ်ဟန်အနေအထားက သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှု အခြေအနေကိုဖော်ပြလေ့ရှိပါတယ်။ ပျော့တိပျော့ခွေနေခြင်းက သင်ဟာလုံခြုံမှုမရှိဘူးလို့ ခံစားနေရကြောင်း ပြရာရောက်ပါတယ်။ ဒီကိုယ်ဟန်အနေအထားကို မပြင်ဘူးဆိုရင်တော့ အကျင့်တစ်ခုလိုဖြစ်သွားတက်ပါတယ်။ လူတွေက ဒီလိုဖြစ်နေတာကို မိမိကိုယ်ကိုမိမိ တန်ဖိုးထားမှု နည်းတယ်လို့မြင်လေ့ရှိပါတယ်။

ခြေထောက်ချိတ်ထားခြင်း (သို့) လက်ပိုက်ထားခြင်း

လူတော်တော်များများ ဒီကိုယ်ဟန်အနေအထားကို အသုံးပြုလေ့ရှိကြတယ်။ ဒီလိုအနေအထားက တခြားလူပြောတာကို မတုံ့ပြန်ချင်တဲ့သဘော (သို့) သင်ဟာ တခြားလူတွေရှိနေတာ သက်သောင့်သက်သာ မဖြစ်နေဘူးလို့ ပြရာရောက်ပါတယ်။

လက်သည်းကိုက်ခြင်း

လက်သည်းကိုက်ခြင်းက သင်ဟာစိတ်လှုပ်ရှားနေကြောင်း ဖော်ပြရာရောက်ပါတယ်။ ပြီးတော့ ကိုယ်စကားပြောနေတဲ့သူကို စိတ်အနှောက်ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ သင့်ရဲ့လက်သည်းတွေကို ပျက်စီးစေပါတယ်။ ပြီးတော့ လူတွေက ဒါကိုရွံစရာတစ်ခုအနေနဲ့သက်မှတ်ထားတာကြောင့် သူတပါး အထင်အမြင်သေးခြင်းကိုလည်း ခံရနိုင်ပါတယ်။

စကားကြားဖြတ်ပြောခြင်း

တစ်ခြားလူတွေ စကားပြောနေတာကို အနှောက်အယှက်ပေးတာ (သို့) ကြားဖြတ်ပြောခြင်းက ရိုင်းစိုင်းတဲ့အပြုအမူတစ်ခုအဖြစ် အများကသတ်မှတ်ထားကြပါတယ်။ မိမိက တခြားလူတွေပြောနေတာကို သေချာနားထောင်နေပေမယ့်လည်း အခုလိုမျိုးလုပ်လိုက်ခြင်းက သူတစ်ပါးပြောနေတာကို အာရုံစိုက်ပြီး နားထောင်နေခြင်းမရှိဘူးလို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။ ဒါကြောင့် အခြားလူတွေ စကားဆုံးသွားမှ ဝင်ရောက်ပြောဆိုခြင်း အကြံပေးခြင်းတွေ ပြုလုပ်ပေးသင့်ပါတယ်။

မျက်လုံးကစားခြင်း

လူတွေနဲ့စကားပြောနေချိန်မှာ မျက်လုံးကစားတာက လေးစားမှုမရှိတာကို ပြရာရောက်ပါတယ်။ ဒီလိုမျက်လုံးကစားခြင်းက ပြောနေတဲ့စကားတွေအပေါ် စိတ်ဝင်စားမူမရှိဘူး (သို့) ပျင်းရိနေကြောင်း အဓိပ္ပာယ်သက်ရောက်စေပါတယ်။ တစ်ကယ်လို့ ကိုယ့်ရဲ့အထက်လူကြီး (သို့) အလုပ်ရှင်တွေနဲ့ စကားပြောရတဲ့အခါမျိုးမှာ ဒီလိုမျက်လုံးကစားခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားဖို့ အကြံပေးပါရစေ။

Image Source: BrightSide