တကယ်တော့ ဆုံးမစကားလို့ ပြောလိုက်ရင် ဘယ်သူကမှ နားထောင်ချင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကို လာပြီးဆုံးမပြောဆိုနေတာကိုလည်း မခံချင်ကြပါဘူး။ ကိုယ့်ဘာသာ ကိုယ့်ယုံကြည်ချက်နဲ့ ဘဝကို ရှေ့ဆက်လျှောက်ချင်ကြတဲ့ သူတွေချည်းပါပဲ။

ဒါဖြင့်ရင် ကိုယ့်လုပ်ရပ်တွေက အမြဲမှန်ကန်နေရဲ့လား၊ အမြဲအကျိုးရှိနေရဲ့လား၊ အမြဲတရားမျှတမှု ရှိနေရဲ့လားဆိုတာကိုတော့ ကိုယ့်ကိုယ်ကို ပြန်မေးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အခုဒီဆောင်းပါးမှာ ဖော်ပြချင်တာကတော့ ဆုံးမစကားဆိုတာထက် သိထားသင့်တဲ့ အရာတွေလို့ ပြောချင်ပါတယ်။

ပျင်းရိတတ်တဲ့အလေ့အထ အကြောင်းကို အရင်ဆုံးစဆွေးနွေးပါမယ်။ တကယ်တော့ ပျင်းတာဟာ အရသာအရှိဆုံးတစ်ခုဖြစ်ပြီးတော့ အဆိုးဆုံးသောရလဒ်ကို အပေးဆုံးအရာလည်းဖြစ်ပါတယ်။ လူတိုင်းဟာ ပျင်းတဲ့စိတ် ရှိကြပေမယ့် အောင်မြင်တဲ့သူတွေကတော့ အဲဒီစိတ်ထားကို ငယ်ကတည်းက ဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ အောင်မြင်တဲ့သူတွေ ဖြစ်လာကြတာပါပဲ။ အဲဒီတော့ ပျင်းတယ်ဆိုတာ ဘာလဲ။ ဘယ်နေရာတွေမှာ မပျင်းဖို့ လိုအပ်တာလဲ။

ကျွန်တော်တို့ငယ်ငယ်ကတော့ အဘိုးအဘွားတွေကို သွားကန်တော့ရင် ပညာသင်ယူကြဖို့နဲ့ ပညာသင်တဲ့အခါမှာ မပျင်းရိကြဖို့ အမြဲတိုက်တွန်းခြင်း ခံခဲ့ရပါတယ်။ ဆိုလိုတာက ပျင်းရိသောသူသည် စာကို သို့မဟုတ် ပညာကို ရမှာ မဟုတ်ပါဘူး။ အကောင်းဆုံးဆိုသည့် ကျောင်းကို သွားတတ်ပြီး ပညာသင်ယူနေသည်ဖြစ်စေ၊ ဘယ်လောက်အထိ ငွေးကြေးအကုန်အကျခံပြီး သင်တန်းတွေ တတ်ရောက်နေသည်ဖြစ်စေ ပျင်းပြီဆိုတော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျောင်းစာတွေ လုပ်ဖို့ပျင်းနေရင် စာမေးပွဲ ကျရုံသာ ရှိတော့မပေါ့။ စာအုပ်တွေ ဖတ်ဖို့ပျင်းနေရင် ဘယ်ကိုမသိပဲ ဖြစ်တော့မပေါ့။ ဒီတော့ ဘယ်ကလာ အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပါတော့မလဲ။ ဒါကြောင့် စာလေ့လာတဲ့အခါမှာ ပျင်းတဲ့စိတ်ကို အတက်နိုင်ဆုံးဖျောက်ပစ်ဖို့ သိပ်လိုအပ်ပါတယ်။

ဒုတိယအနေနဲ့ ပျင်းရိခြင်းရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ ကြိုးစားအားထုတ်ခြင်းအကြောင်းကို ဆွေးနွေးချင်ပါတယ်။ ကြိုးစားအားထုတ်မှုကတော့ အရားအားလုံးရဲ့ အခြေခံအုတ်မြစ်အနေနဲ့ တည်ရှိနေတဲ့အရာပါ။ မည်သူမဆို ကြိုးစားလို့အောင်မြင်လာကြတာချည်းပါပဲ။ ဘယ်ကစကြိုးစားမလဲ။ ပညာရေးက စကြိုးစားဖို့လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။ ကိုယ့်မှာ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးရှိထားမှသာလျှင် ကိုယ်အောင်မြင်တဲ့အခါ အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်မှာပါ။

ကံကောင်းထောက်မပြီး တစ်နေရာရာမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပေမယ့် ကောက်ရိုးမီးထက်မပိုဘူးဆိုတာကို သတိထားရမှာ ဖြစ်လို့ပါပဲ။ အဲဒီတော့ အရင်ဆုံး တကယ့်ပညာကို ရအောင်အရင်ကြိုးစားပါ။ အဆင့်တစ်ဖြစ်တာတို့ Top 10 ဝင်တာတို့ကို ဆိုလိုတာမဟုတ်ပါဘူး။ သင်ရမယ့် ပညာကို အမှန်တကယ် နားလည်တတ်သိအောင် ကြိုးစားသင်ယူဖို့ကို ဆိုလိုတာပါ။

ပညာသင်တယ်ဆိုတာကတော့ ဆုံးသွားတာမျိုးတော့ မရှိဘူးပေါ့။ သို့ပေမယ့် အထက်တန်းပြီးလို့ဖြစ်ဖြစ်၊ ဘွဲ့တစ်ခုကို ရလို့ဖြစ်ဖြစ် အလုပ်ထဲဝင်ပြီဆိုရင် အလုပ်ကို ကြိုးစားလုပ်ပါ။ ပျင်းရိတဲ့စိတ်တွေ ဝင်မလာအောင် ကိုယ့်ကိုယ်ကို မောင်းနှင်ပါ။