လူမှုကွန်ရက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံထဲက တစ်ခုဖြစ်လာပါပြီ။ အစောပိုင်းကာလတွေက ကျွန်တော်တို့ဟာ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ ၊ သတင်းအချက်အလက်‌တွေ ဖတ်ရှုဖို့နဲ့ အရေးကြီး အကြောင်းအရာတွေကို မျှဝေဖို့ Facebook ကို သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ Facebook ဟာ ထမင်းစားခြင်းလို ၊ အိပ်စက်ခြင်းလို မလုပ်မဖြစ် လုပ်ရမယ့် ဝတ္တရားတစ်ခု ဖြစ်လာပါတယ်။ ဒါကို Facebook စွဲလမ်းခြင်း (Facebook Addiction) လို့ ခေါ်ရမှာပါ။ Facebook စွဲလမ်းမှု အကျင့်ဆိုးကို ကုစားဖို့အရင်ဆုံး Facebook Addiction ရဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

 

Photo: Nottingham Trent University

ပထမဆုံးလက္ခဏာက Facebook ကြောင့် ဘယ်လောက် အချိန်ကုန်နေပြီလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အိပ်ရာက ထတာနဲ့ ဖုန်းကို အရင်ကိုင်လိုက်တာလား။ နောက်ဆုံး အိပ်ရာဝင်ခါနီး ဖုန်းပွတ်နေမိတတ်သလား။ တစ်နေ့ကို Facebook သုံးတာ ဘယ်နှစ်နာရီလောက် ရှိသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။

နောက်တစ်ချက်က ဘာကြောင့် Facebook သုံးနေတာလဲ ဆိုတာပါပဲ။ Facebook သုံးတာဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကနေ လွန်မြောက်ဖို့ သုံးနေတာလား။ Facebook သုံးလိုက်ရင် ကိုယ့်ရဲ့ စိတ်ခံစားချက် Mood ပြောင်းသွားသလားဆိုတာလည်း မေးကြည့်ပါ။ Yes ဆိုရင်တော့ သတိထားရမယ့်အဆင့် ဖြစ်ပါတယ်။

ညဘက် အိပ်ရာထဲမှာ Screen ကနေ မခွာနိုင်အောင် ဖြစ်နေမိလို့ အိပ်ရာဝင် နောက်ကျတာ ကြာပြီဆိုရင် သင်လည်း Facebook စွဲနေပြီလို့ ပြောနိုင်ပါတယ်။ ညနက်သန်းခေါင် Facebook သုံးနေမိခြင်းကြောင့် မနက်ဆို အိပ်ရာက စောစောမထနိုင် ၊ အိပ်ရာထ နောက်ကျလို့ ခေါင်းတွေအုံ ၊ Screen အကြည့်များလို့ မျက်လုံးတွေ ဝါးပြီး အာရုံကြောအားနည်းခြင်းဟာ Facebook Addiction က ပေးတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်။

Photo: Boston Magazine

နောက်တစ်ချက်က Facebook ကြောင့် လူမှုဆက်ဆံရေးပိုင်းပါ ထိခိုက်လာနေသလားဆိုတာပါပဲ။ ဖုန်း screen ပေါ်မှာပဲ မျက်နှာမလွှဲနိုင်ဖြစ်နေတာ ကြောင့် ကိုယ့်သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို ပစ်ထားမိနေပြီဆိုရင် ဒါလည်း လူမှုကွန်ရက်စွဲလမ်းမှုရဲ့ လက္ခဏာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က အားတဲ့အချိန်တိုင်း ဖုန်းထုတ်ကြည့်တတ်ခြင်းပဲ ဖြစ်ပါတယ်။ စိတ်ကကို အလိုအလျောက် လုပ်မိတာမျိုး ဖြစ်ပါတယ်။ အချိန်လေး အအားရလိုက်တာနဲ့ ဖုန်းကိုဖွင့်ပြီး Facebook မသုံးရ မနေနိုင်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ဖုန်းစွဲလမ်းမှုကို လျှော့ချ ဖြေဖျောက်ရမှာ ဖြစ်ပါတယ်။