တစ်ရက်တစ်လေလောက် အိပ်ရေးမဝတာက သိပ်ပြီးတော့ ကိစ္စမရှိပေမယ့်လည်း ရက်တွေဆက်လာပြီး ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင်တော့ စိတ်ပူရမယ့်အခြေအနေဖြစ်လာပါပြီ။ ညဖက်တွေမှာ အိပ်ရေးဝဝမအိပ်ရဘူးဆိုရင် အချိန်ကြာလာတဲ့အခါမှာ အိပ်ပြီးထလာရင်တောင်မှ ပင်ပန်းနွမ်းနယ်သလို ခံစားမိရစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ့်အတွက် ကောင်းကျိုးမဖြစ်စေဘဲ ဆိုးကျိုးတွေကိုသာ ယူဆောင်လာစေနိုင်မယ့် အိပ်ရေးမဝခြင်းကို တိုက်ထုတ်ပစ်ပြီး အိပ်ရေးဝဝအိပ်စက်နိုင်ကာ လန်းဆန်းတက်ကြွတဲ့အသွင်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေကိုသတိထားပြီး ဘယ်လိုအချက်တွေကို လုပ်ဆောင်ရမလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

ကိုယ်လက်လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခန္ဓာအကြောအချင်တွေကို လှုံ့ဆော်ပေးတာကြောင့် Gym သွားပြီးနောက် အိပ်ပျော်ဖို့က ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ၃ နာရီမတိုင်ခင်မှာ ဘာလေ့ကျင့်ခန်းမှ မလုပ်သင့်ပါဘူး။

နားချိန်မရှိခြင်း

ပြည့်ပြည့်ဝဝအနားယူဖို့ရာ သင့်ရဲ့ခန္ဓာကိုယ်က လုံလောက်တဲ့အချိန်ပမဏတစ်ခု လိုအပ်ပါတယ်။ ဒါ့အပြင် ကြိုပြီးဝဝလင်လင်အိပ်ထားတာ သို့မဟုတ် ပိတ်ရက်တွေကျမှ စုပြီးအိပ်မယ်ဆိုတာမျိုးတွေက မဖြစ်သင့်တဲ့အရာတွေပါ။ ဒါကြောင့် ညတိုင်းညတိုင်း အိပ်ချိန်တစ်ခုသတ်မှတ်ထားပြီးတော့ အိပ်ရာဝင်ပေးပါ။

အလင်းရောင်

မီးအိမ်က အလင်းရောင်မှိန်မှိန်လေး သို့မဟုတ် လျှပ်စစ်ပစ္စည်းတွေက LED မီးလေးတွေကပင်လျှင် သင့်ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အခန်းပိုပြီးမှောင်လေလေ သင့်ရဲ့အိပ်မက်တွေက ပိုပြီးကောင်းလေလေပါပဲ။ ထို့အတွက် အိပ်တော့မယ်ဆိုရင် အခန်းထဲက မီးတွေအကုန်ပိတ်ပြီးတော့မှ အိပ်ပါ။

အိပ်ရာကိုအိပ်ဖို့ပဲသုံးပါ

လူအများစုက သူတို့ရဲ့အိပ်ရာတွေကို အိပ်စက်ဖို့အတွက်သာမကဘဲ အလုပ်လုပ်တဲ့နေရာလိုမျိုး တခြားရည်ရွယ်ချက်တွေအဖြစ်လည်း အသုံးပြုတတ်ကြပါတယ်။ အခုလိုပြုလုပ်ခြင်းက ညဖက်အိပ်စက်တဲ့အခါမှာ အခက်အခဲဖြစ်စေနိုင်တာကြောင့် အလုပ်တွေကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။

ကဖိန်း

ကဖိန်းတွေက အိပ်ပျော်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို လူတိုင်းနီးနီးသိထားပြီးသားပါ။ တစ်ခုရှိတာက ဒီ ကဖိန်းက ကော်ဖီတစ်ခုတည်းမှာသာ မဟုတ်ဘဲ လက်ဖက်ရည်၊ ချောကလက်နှင့် တခြားစားသောက်ကုန်တွေမှာလည်း ပါဝင်နေတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ ညဖက်တွေမှာ ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် ညနေဖက်မှာ ကဖိန်းပါတဲ့ အစားအစာတွေ စားသုံးခြင်းကို ရှောင်ရှားပါ။

အိပ်ပျော်အောင်အိပ်ပါ

အိပ်ရာထဲမှာလှဲနေရင် သူ့အလိုလို အိပ်ပျော်သွားလိမ့်မယ်ဆိုပြီးတော့ လူအများက တွေးတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ အခြေအနေ အများစုအတွက်တော့ အလုပ်မဖြစ်နိုင်ပါဘူး။ မိနစ် ၂၀ အတွင်း အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲကထလိုက်ပြီး စာအုပ်ဖတ်ပါ (ဖုန်းထဲကစာမဟုတ်ပါဘူး)။ သို့မဟုတ် စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် တစ်ခုခုလုပ်ပါ။

အရက်သေစာ

အရက်သောက်ခြင်းက သင့်ကိုမြန်မြန်အိပ်မောကျစေတယ်ဆိုပေမယ့်လည်း နိုးထလာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ချင်သလို ဖြစ်ခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် သောက်ချင်တယ်ဆိုရင် အိပ်ရာမဝင်ခင် ၂ နာရီမတိုင်ခင်မှာသောက်ပါ။ လုံးလုံးမသောက်ဘူးဆိုရင်‌တော့ အကောင်းဆုံးပါပဲ။

အတွေးတွေများခြင်း

ညဖက်အိပ်ရာထဲရောက်ပြီဆိုရင် အနားယူဖို့ထက် တစ်နေကုန်ကြုံခဲ့သမျှအဖြစ်အပျက်တွေ၊ လုပ်ခဲ့သမျှ အလုပ်တွေ စသဖြင့် အကုန်ပြန်ပြီး တွေးတတ်ကြပါတယ်။ ဒီလိုမျိုးအတွေးနယ်ချဲ့ခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အိပ်ရာထဲရောက်ချိန်မှာတော့ ပူပင်စရာတွေ၊ သောကတွေ၊ အလုပ်တွေကို အကုန်မေ့ထားပြီးတော့ အိပ်ပျော်အောင်ကြိုးစားပြီး အနားယူလိုက်ပါ။

Source: BrightSide