တစ်ရက်လောက် အိပ်ရေးပျက်သွားပြီဆိုရင် သင့်ရဲ့ကျန်းမာရေး၊ မျက်နှာအသွင်အပြင်၊ အလုံးစုံကျန်းမာရေး စတာတွေကို ဘက်ပေါင်းစုံကနေ ထိခိုက်လာနိုင်ပါတယ်။ ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိသိကြီးနဲ့လည်း ယနေ့ခေတ် အရွယ်ရောက်ပြီးသား ၃၅ ရာခိုင်နှုန်းဟာ တစ်ညလျှင် အိပ်ချိန် ၇ နာရီပြည့်အောင် မအိပ်ကြသေးပါဘူး။

စိတ်ပူပင်စရာတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ရှုပ်စရာတွေ စတဲ့ အကြောင်းအရင်းမျိုးစုံက ညဆိုရင် ခေါင်းထဲကို ရောက်ရောက်လာတတ်ပြီး အိပ်မပျော်တတ်စေတော့လို့ MyStyle Myanmar ရဲ့ စာဖတ်သူတွေ ညတိုင်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ လိုက်လံလုပ်ဆောင်နိုင်မယ့် အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အိပ်ရာပေါ်ရောက်တာနဲ့ တန်းအိပ်ဖို့ မကြိုးစားပါနဲ့

တစ်နေကုန် နားချိန်တောင်မရှိဘဲ ပင်ပန်းလာခဲ့ရပြီဆို အိပ်ပြန်ရောက်ချိန်မှာတော့ ခေါင်းအုံးပေါ် ခေါင်းချပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ချင်ကြတာ လူတိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။ ဒါပေမယ့် ချက်ချင်းကြီး အိပ်ပျော်ဖို့မကြိုးစားဘဲနဲ့ ခဏလောက်အချိန်ပေးပြီးမှ အိပ်တာအကောင်းဆုံးပါပဲ။ နောက်ပြီးတော့ အိပ်ရာမဝင်ခင် အစားလေးနည်းနည်းစားပေးတာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ၊ စာလေးဖတ်ပေးတာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် ရှုပ်ထွေးနေတဲ့ သင့်ရဲ့စိတ်ကို ငြိမ်သက်သွားအောင်လို့ ခဏတာ အနားပေးရာရောက်ပါတယ်။

၂။ အိပ်ရာမဝင်ခင် ရေနွေးကြမ်း မသောက်ပါနဲ့

chamomile နဲ့ lavender တို့လို Herbal teas တွေက စိတ်ငြိမ်သက်မှုကို ရစေပြီး အိပ်မပျော်ခြင်းတွေကို ကုသပေးနိုင်တဲ့ အစွမ်းရှိကြပေမယ့်လည်း ရေနွေးကြမ်းလိုမျိုး အရည်ကျတော့ ကဖင်းဓာတ်ပါဝင်တာကြောင့် ကတုန်ကယင်ဖြစ်စေကာ ညဖက်လည်း အိပ်မပျော်စေနိုင်လို့ ညဖက်မှာသောက်သုံးခြင်းကို ရှောင်ပါ။

၃။ ညနေဖက် Gym ဆော့ခြင်း

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်မှာ တင်းရင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး စိုးရိမ်ကြောင့်ကြမှုကို လျော့ချပေးရာမှတဆင့် အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက နောက်ကျတော့မှ လေ့ကျင့်ခန်းလုပ်တာက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုဖြစ်စေနိုင်လို့ ညနေဖက်အချိန်ရမှ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင်လည်း အိပ်ရာဝင်ချိန်နဲ့ လေးနာရီခြားပြီး လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

၄။ မနက်စာ ဝဝလင်လင် မစားခြင်း

တစ်နေ့တာလုံးမှာ မနက်စာက အရေးကြီးဆုံးပဲလို့ လူအများပြောရတာ အကြောင်းအရင်းရှိပါတယ်။ အင်မတန့် အင်မတန်ကို အလုပ်ရှုပ်လွန်းလို့ဆိုပြီး မနက်စာမစားဘဲ အလုပ်ကိုသွားခြင်းက သင့်ရဲ့ခန္ဓာကိုယ် အလေးချိန်ပေါ်မှာရော အာရုံစူးစိုက်နိုင်စွမ်းပေါ်မှာပါ သက်ရောက်လာနိုင်ပါတယ်။ အဆိုးဆုံးက အိပ်စက်ခြင်းပါပဲ။ မနက်စာ စားလေ့မရှိသူတွေဟာ ညဖက်တွေဆို အိပ်ပျော်ခက်ခဲသလို အိပ်ပျော်သွားရင်တောင် နိုးနိုးလာတတ်ပါတယ်။

Source: BrightSide