မျက်နှာပေါ်က အလှပျက်စေတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရပြီလား။ ဝက်ခြံနဲ့ အသားအရေဆိုင်ရာ ပြဿနာတွေအတွက် ကုသနိုင်မယ့် နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

ဒီထဲကမှ ပတ်ဝန်းကျင်မှာပဲ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ အစားအစာတွေကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝက်ခြံတွေကို ရှင်းထုတ်ပေးပြီး အသားအရေအတွက် အကျိုးပြုတဲ့ စူပါအစားအစာ ၅ မျိုး အကြောင်းပြောပြပေးချင်ပါတယ်။

(၁) သံပုရာသီး

သံပုရာသီးဟာ ဝက်ခြံပျောက်ကင်းစေတဲ့ အလှအပဆိုင်ရာ သဘာဝပစ္စည်းအဖြစ် လူသိများကြပါတယ်။ သံပုရာသီးမှာ အက်စစ်ဓာတ်ပါဝင်တဲ့အတွက် အရေပြားကိုတိုက်ရိုက်အသုံးပြုခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။

အကောင်းဆုံးကတော့ ရေခပ်နွေးနွေးတစ်ခွက်ထဲကို သံပုရာသီးတစ်စိတ်ညှစ်ထည့်ပြီး မနက်ခင်းအစား မစားခင်မှာ သောက်ပေးခြင်းဖြင့် ဝက်ခြံထွက်ခြင်းကို သက်သာစေပြီး အသားအရေ ကြည်လင်လာစေမှာပါ။

(၂) သင်္ဘောသီး

ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် K နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ သင်္ဘောသီးမှာ Papain လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်မျိုးပါရှိပါတယ်။ အဆိုပါ Papain ဟာ မျက်နှာအရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်နဲ့ ဝက်ခြံအနာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။

သင်္ဘောသီးမှာပါဝင်တဲ့တခြားသော ဗီတာမင်နဲ့ ဓာတ်သတ္တုများက အရေပြား Elasticity ကိုတိုးတက်စေပြီး အရေးကြောင်းများဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ သင်္ဘောသီးကို ဖျော်ရည်အဖြစ်လည်းကောင်း အသီးတိုင်းလည်း ကောင်း စားနိုင်ပါတယ်။

(၃) ကိုက်လန်

ကိုက်လန်မှာ ဗီတာမင်ဓာတ်များ ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ပစ္စည်းများစွာပါဝင်ပြီး အဆိုပါ အာဟာရဓာတ်တွေက အသားအရေ ညစ်နွမ်းခြင်းပြဿနာများကို လျော့ချပေးပါတယ်။

ဒါ့အပြင် ကိုက်လန်မှာပါဝင်တဲ့ ဗီတာမင် C က အသားအရေ ကော်လာဂျင်ဖွဲ့စည်းမှုကို တိုးမြှင့်ပေးတာကြောင့် ဝက်ခြံနဲ့ အမာရွက်တွေကို အလျင်အမြန်ဆုံး သက်သာပျောက်ကင်း စေနိုင်ပါတယ်။ ကိုက်လန်ကို မနက်ခင်းမှာ ဖျော်ရည်အဖြစ်သောက်သုံးနိုင်သလို ကြော်ချက်ပြီးလည်း စားနိုင်ပါတယ်။

(၄) ကန်စွန်းဥ

Beta-carotene အရင်းအမြစ်တစ်ခုဖြစ်တဲ့ ကန်စွန်းဥကိုစားသုံးတဲ့အခါ Beta-carotene ဟာခန္ဓာကိုယ်အတွင်း ဗီတာမင် A အဖြစ်သို့ပြောင်းလဲသွားပါတယ်။ ဗီတာမင် A က အသားအရေဆိုင်ရာ ပြဿနာများ ၊ ရောင်ရမ်းခြင်း ၊ ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံတွေကိုသက်သာစေနိုင်ပါတယ်။

(၅) ဘယ်ရီသီး

စတော်ဘယ်ရီ ၊ ချယ်ရီသီး ၊ ရက်စ်ဘယ်ရီ ၊ ဘလူးဘယ်ရီ နဲ့ ဘလက်ဘယ်ရီသီးတွေမှာ ဗီတာမင် C နှင့် Antioxidants များစွာပါဝင်ပါတယ်။ ဗီတာမင် C က ဝက်ခြံ နဲ့ အဖုအပိန့်များထွက်ခြင်းကို သက်သာစေပြီး Antioxidants ဓာတ်က မျက်နှာအရေပြားပေါ်က အမဲစက်နဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျသက်သာစေပါတယ်။ ဘယ်ရီသီးတွေကို အသီးအတိုင်းစားနိုင်သလို ဒိန်ချဉ် ၊ Oat နဲ့လည်း တွဲဖက်စားသုံးနိုင်မှာ ဖြစ်ပါတယ်။