မင်္ဂလာပါနော်။ ပူအိုက်တဲ့နွေရာသီမှာ စိတ်ရောကိုယ်ပါ လန်းဆန်းစေမယ့်အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဖယ်ရှားပေးပြီး ကိုယ်ရည်စစ်စေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ Detox ဖျော်ရည်လုပ်နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ နွေရာသီမှာ Detox ဖျော်ရည်သောက်ပေးတာက ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုဖြည့်ပြီးသားဖြစ်တာမို့ ချွေးထွက်များတဲ့နေ့တွေမှာ ဆောင်ထားဖို့ ကွက်တိပါပဲ။ အဆီပါကျစေမယ့် ဖျော်ရည်လေးတွေဖြစ်လို့ သောက်ကြည့်ဖို့ တွေးထားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်-

သခွားသီး၊ သံပယိုသီးနဲ့ ပူစီနံ Detox ဖျော်ရည်


အလွယ်တကူရတဲ့ ပါဝင်ပစ္စည်းသုံးမျိုးနဲ့ ပြုလုပ်နိုင်တဲ့နည်းဖြစ်ပါတယ်။ စင်အောင်ဆေးထားတဲ့ သံပယိုသီးနဲ့ သခွားသီးကို အစိပ်စိပ်လှီးပြီး ပူစီနံအရွက်လေးတွေ ချွေချကာ သောက်ရေထဲစိမ်လိုက်ပါ။ လိုအပ်တဲ့အချိန် သောက်လို့ရအောင် ပုလင်းထဲထည့်စိမ်နိုင်ပါတယ်။ သခွားသီးနဲ့ ပူစီနံကနေ ရေနဲ့ အအေးဓာတ်ရမယ့်အပြင် သံပယိုသီးက အစာခြေစနစ်လည်ပတ်မှုကောင်းပြီး အဆီကျစေမှာပါ။

ဆန်းကစ်သီး Detox ဖျော်ရည်


ဆန်းကစ်သီးကို အခွံပါဆေးပြီး အစိပ်လေးတွေလှီးကာ ရေထဲထည့်သောက်တာကလည်း ကိုယ်တွင်းအဆိပ်အတောက်ပြယ်စေပြီး သူ့ရဲ့အာနိသင်က အမျှင်ဓာတ်ပါပြီး ဝမ်းမှန်စေတာမို့ အဆီပိုမတက်အောင် ထိန်းထားသလိုဖြစ်စေပါတယ်။

သံပယိုသီးနဲ့ ရေနွေး Detox ဖျော်နည်း


မနက်ပိုင်းတွေ မနက်စာမစားခင်မှာ အအေးခံထားတဲ့ ရေနွေးနွေးလေးထဲ သံပယိုသီးညှစ်ထည့်ပြီး Detox ဖျော်ရည်လုပ်ကာ ပုံမှန်အကျင့်လုပ်ပြီးသောက်ပေးတာကလည်း ဝမ်းမှန်ပြီး အဆီကျစေဖို့ ထောက်ပံ့ပေးမှာပါ။

ကီဝီသီး၊ သံပရာသီးနဲ့ သခွားသီး Detox ဖျော်ရည်


ဗီတာမင်ဓာတ်များစွာပါတဲ့ ကီဝီသီးအစိပ်လေးတွေကို သံပရာသီးအနည်းငယ်၊ သခွားသီးအနည်းငယ်တို့နဲ့ ရောပြီး ရေစိမ်ထားရတဲ့ Detox ဖျော်ရည်လေးကလည်း သွေးအားအတက်အကျကို ထိန်းပေးပြီး Bloating ဖြစ်တာတွေကို သက်သာစေတာမို့ ဗိုက်ချပ်ကာ အဆီကျစေမှာပါ။ သောက်လို့လည်း ကောင်းတာမို့ စမ်းသောက်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

Photo Source: Pinterest

By MySyle Myanmar