ချစ်တယ်လို့ ဘယ်လိုပဲ ပြောခဲ့ပြောခဲ့ တစ်ချို့ချစ်သူစုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် ပြန်မဆုံပါရစေနဲ့လို့တောင် ဆုတောင်းပြီး လမ်းခွဲသွားတာမျိုးတွေရှိပါတယ်။ ဘယ်သူပဲမှားလို့ဖြစ်စေ ဘာကြောင့်ပဲ လမ်းခွဲရသည်ဖြစ်စေ အချစ်ရေးတစ်ခုကတော့ ဒီအချိန်မှာ နိဌိတံသွားပြီဖြစ်ပါတယ်။ တကယ်တော့ စုံတွဲတွေ မကြာခင် ပြတ်တော့မယ်ဆိုတာ ရာသီဥတု ခန့်မှန်းချက်လို ခန့်မှန်းကြည့်လို့ရတဲ့ အချက်တွေ ရှိပါတယ်။

အကောင်းမမြင်ချင်တော့ဘူး

ဘာရယ်မဟုတ်တာလေးနဲ့ စိတ်မရှည်နိုင်တော့ဘူး။ တစ်ယောက်ရဲ့ အမှားသေးသေးလေးအပေါ် တစ်ယောက် နားလည်သည်းခံပေးမှုမျိုး ရှားပါးလာပြီဆိုရင် မကြာခင်မှာ ကွဲဖို့ရာခိုင်နှုန်းများလာပါပြီ။

ဟက်ဟက်ပက်ပက် စကားမဆိုတော့ဘူး

သူနဲ့ကိုယ့်အကြား စကားချင်းတောင် မဖလှယ်ချင်တော့ဘူး။ သူပြောတာလည်း ကိုယ်မကြားချင်တော့ဘူးဆိုရင် အက်သံထွက်လာပြီလို့ ဆိုနိုင်ပါတယ်။ တကယ်ဆိုရင် ကိုယ့်ချစ်သူဟာ ကိုယ်စကားအပြောချင်ဆုံးသူ ဖြစ်သင့်သလို သူစကားကို ကိုယ်အကြားချင်ဆုံးပဲ ဖြစ်နေမှ လက္ခဏာမှန်တယ်လို့ဆိုရမှာပါ။

ခံစားချက်တွေ ထုတ်မပြောတော့ဘူး

ကိုယ်အဆင်မပြေခဲ့တာတွေရော ၊ ပြေခဲ့တာတွေရော ၊ သူနဲ့ပတ်သက်လို့ ကိုယ့်စိတ်အခြေအနေနဲ့ တုန့်ပြန်ခဲ့ချင်တဲ့ အကြောင်းအရာတွေပါ ချပြပြီး တည့်တည့်လင်းလင်း ဖြေရှင်းဖို့မလုပ်တော့ဘူးဆိုတာ မကောင်းတဲ့ အခြေအနေပါ။ တစ်ယောက်ကို တစ်ယောက် သံသယရှိလာပြီး ဒီသံသယကို မွေးထားကြရင်းနဲ့ပေါက်ထွက်လာတဲ့နေ့ပြတ်သွားတတ်ပါတယ်။

ပတ်ဝန်းကျင်ကလည်း ပြတ်ဖို့တိုက်တွန်းနေတယ်

ဒါဆိုရင်တော့ ပြတ်ဖို့ပိုများပါတယ်။ နဂိုကတည်းက နဲ့နေတဲ့ ချစ်သူရည်းစား ဆက်ဆံရေးချည်တိုင်ဟာ တွန်းလှဲနေတာ ဖြစ်လို့စိတ်မခိုင်တဲ့တစ်နေ့ ပြဿနာတွေ ဆက်တိုက်တွေ့တဲ့အခါ ညောင်ညိုရိပ်မှာ လမ်းခွဲဖို့အလားအလာ များသွားပါပြီ။