ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့အတွက် ဖက်ရှင်ရေစီးကြောင်းနောက် လိုက်နေရတဲ့ကြားထဲက ဖက်ရှင်အလွဲတွေကို မပြုလုပ်မိဖို့ ဂရုစိုက်သင့်ပါတယ်။ စတိုင်ကျပြီး ဆွဲဆောင်မှုရှိဖို့အတွက် အသေးအဖွဲအမှားများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

နက်ခ်တိုင် ဝတ်ဆင်တဲ့အခါမှာလည်း မိမိနဲ့လိုက်ဖက်တဲ့ အဆင်မျိုး ရွေးချယ်သင့်ပြီး ဖိနပ်ရွေးချယ်တဲ့အခါမှာလည်း မိမိအဝတ်အစားနဲ့ ကိုက်ညီတဲ့ ဖိနပ်မျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ အမျိုးသားအများစု ပြုလုပ်နေမိတဲ့ ဖက်ရှင်အလွဲများကို စုစည်းဖော်ပြလိုက်ရပါတယ်။

နာမည်ကြီး Branded အဝတ်အစားများကိုပဲ ဝတ်ဆင်ခြင်း

တီရှပ်၊ စပို့ရှပ်၊ ဘောင်းဘီများ ဝတ်ဆင်တဲ့အခါ နာမည်ကြီး Branded အဝတ်အစားဖြစ်ဖို့ထက် သက်သောင့်သက်သာရှိပြီး သပ်သပ်ရပ်ရပ်ဝတ်စားတတ်ဖို့ကသာ အဓိကဖြစ်ပါတယ်။

မိမိနဲ့ မတော်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်း

ဝိတ်ကျသွားရင်တော့ ဝတ်လို့ရသွားမှာပါ။ ဝိတ်တက်လာအောင် လုပ်လိုက်ရင်တော့ ဝတ်လို့ တော်သွားမှာပါဆိုတဲ့ ရည်ရွယ်ချက်တဲ့ အဝတ်အစားများ ဝယ်ယူခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခုလက်ရှိ မိမိခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ အယတ်အစားများကိုသာ ဝတ်ဆင်ပါ။

စွပ်ကျယ်အင်္ကျီ ပေါ်အောင် ဝတ်ဆင်ခြင်း

အတွင်းဝတ်စွပ်ကျယ် ပေါ်နေတာကတော့ ပြစ်မှုတစ်ခုမဟုတ်ပေမယ့် ဖက်ရှင်မျက်စိနဲ့ ကြည့်မယ်ဆိုရင် စတိုင်လ်မကျတာတော့ အမှန်ပါပဲ။

ဖက်ရှင်အသုံးအဆောင်များ အလွန်အကျွံ ဝတ်ဆင်မိနေခြင်း

နာရီဝတ်မယ်ဆိုရင် နာရီတစ်မျိုးတည်း ဝတ်ဆင်ပါ။ ဖန်စီလက်ပတ်၊ ဆွဲကြိုး စသည်ဖြင့် ဖက်ရှင်အသုံးအဆောင်အများအပြား ဝတ်ဆင်ခြင်းက သင့်ရဲ့ပင်ကိုယ်စတိုင်လ်ကို တိမ်မြှုပ်သွားစေပါတယ်။

မလိုအပ်ဘဲ ခြေအိတ် ဝတ်ခြင်း

ခြေအိတ်များက Sneaker ဖိနပ်များ၊ ရှူးဖိနပ်များ ဝတ်ဆင်တဲ့အချိန်မှာသာ ဝတ်ဆင်သင့်ပြီး ကျန်ဖိနပ်များ ဝတ်ဆင်တဲ့အခါမှာတော့ မဝတ်ဆင်သင့်ပါဘူး။

ရောင်စုံ ဝတ်ဆင်ခြင်း

အရောင်တောက်တောက်အဝတ်အစားများကို တစ်ချိန်တည်းမှာ စုပုံဝတ်ဆင်ခြင်းက သင့်ရဲ့ဖက်ရှင်ကို ကြောင်ကြောင်ကျားကျားနဲ့ ကြည့်ရဆိုးစေတာကြောင့် ဒီအချက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

စတိုင်ပန် ဘောင်းဘီကို Sneaker ဖိနပ်နှင့် တွဲဝတ်ခြင်း

ရုတ်တရက် ကြည့်ရင်တော့ လိုက်ဖက်သယောင်ရှိပေမယ့် တကယ်တမ်းတော့ ဖက်ရှင်အလွဲတစ်ခုပဲဖြစ်ပါတယ်။ Sneaker ဖိနပ်ကတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်အတွက် ဝတ်ဆင်သင့်ပြီး စတိုင်ပန်ဘောင်းဘီကိုတော့ ရှူးဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်မှ ပိုလိုက်ဖက်တာပါ။

အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ခြင်း

ဒီဖက်ရှင်အလွဲကတော့ သင့်ကို အသက်ပိုကြီးသယောင် ဖြစ်စေတာကြောင့် တစ်ချိန်လုံး အင်္ကျီကို အထဲထိုးထည့်တတ်တဲ့အကျင့်ကို ရှောင်ကြဉ်ဖို့လိုပါတယ်။

သင့်ခန္ဓာကိုယ်နဲ့ မလိုက်ဖက်တဲ့ နက်ခ်တိုင် ရွေးချယ်မိခြင်း

သင့်ခန္ဓာကိုယ်က သေးသေးသွယ်သွယ်ဆိုရင်တော့ အပြားသေးတဲ့ နက်ခ်တိုင်ကို ရွေးချယ်သင့်ပြီး သင့်ခန္ဓာကိုယ်က တောင့်တောင်တင်းတင်းနဲ့ ကြွက်သားဖွံ့ဖွံ့ထွားထွားဖြစ်တယ်ဆိုရင်တော့ အပြားကြီးသော နက်ခ်တိုင်ကို ရွေးချယ်သင့်ပါတယ်။

Source: Brightside.me