ခုံပေါ်မှာ အထိုင်ကြာတဲ့သူတွေဟာ အဝလွန်ခြင်း ၊ ဆီးချိုသွေးချို ၊ နှလုံးရောဂါ ၊ သွေးကြောပိတ်တာမျိုးတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒီလို သေနိုင်လောက်တဲ့ ရောဂါတွေ အပြင် ကြွက်သားတွေ တောင့်တင်းညောင်းကိုက်တာ ၊ အဆစ်အမြစ်ကိုက်ခဲတာမျိုးတွေကတော့ ပုံမှန်ဆိုသလို ဖြစ်တတ်ပါတယ်။

ဒီတော့ အထိုင်များတဲ့ ရုံးသမားတွေအတွက် ကျန်းမာရေးကောင်းစေပြီး အလုပ်လုပ်ရင်း Energy တက်စေမယ့် Stretching Exercises လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) Seated Twist

ဒီနည်းက ထိုင်ခုံပေါ် ထိုင်ရင်းနဲ့ ခါးလှည့်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ထိုင်ခုံမှာ မတ်မတ်ထိုင်ပြီး ဘယ်လက်က ဘယ်ထိုင်ခုံကို ကိုင်ပြီးခါးလှည့်တာပါ။ ခါးရော လည်ပင်းနဲ့ပခုံးမှာ ရှိတဲ့ အကြောတွေ ပြေလျော့စေမယ့် အကြောလျှော့လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ခါးလှည့်ထားချိန်မှာ အသက်ရှုထုတ်ပြီး နဂိုအတိုင်းပြန်လှည့်ရင် အသက်ရှုသွင်းရမှာ ဖြစ်ပါတယ်။ နှစ်ကြိမ် သုံးကြိမ‌်လောက် လုပ်ရမှာပါ။

(၂) Chest & Shoulder Opener

ထိုင်ခုံ အစွန်းမှာ တိုးထိုင်ပြီး လက်တွေနောက်ပြန်လှည့်ပြီး ထိုင်ခုံကိုင်ရင်း ခါးဆန့်တဲ့နည်း ဖြစ်ပါတယ်။ ရင်နဲ့ ပခုံးတွေကို ဖွင့်ထုတ်လိုက်တာ ဖြစ်ပြီး အကြောလျှော့မှုနဲ့အတူ အသက်ရှုမှုပါ လေ့ကျင့်သွားရမှာပါ။ အကြောလျှော့ထားချိန်မှာ စိတ်ကပါ လိုက်ပြီး အကြောတွေရဲ့ ပြေလျော့မှုကို ခံစားရမှာပါ။ အဆုတ်ကို ဖွင့်ပေးရာရောက်လို့ အသက်ပြင်းပြင်းရှုဖြစ်စေပြီး စိတ်ဖိစီးမှုပါ သက်သာသွားစေမှာပါ။ ဒီနည်းနဲ့ စိတ်နဲ့စွမ်းအင်ပါ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

(၃) Seated Pigeon

Seated Pigeon နည်းကလွယ်ပါတယ်။ ဘယ်ခြေထောက်ထောင်ထားပြီး ညာခြေဖဝါးကို ဘယ်ဒူးပေါ် တင်ရင်း လက်တွေက ညာခြေဒူးနဲ့ ဖဝါးကို လက်နဲ့အုပ်ပြီးခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်ချရမှာပါ။ နှိမ့်ထားချိန်မှာ စက္ကန့် ၃၀ ကြာအောင် ထိန်းထားပြီး ၂ ကြိမ်ကနေ ၃ ကြိမ် ဘယ်ညာပြောင်းပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ အကြောတွေ ပြေလျော့စေရုံတင်မဟုတ်ဘဲ စိတ်ပါ ပြေလျော့သွားစေမှာ ဖြစ်ပါတယ်။

(၄) Hip Flexor Stretch

Hip Flexor Stretch နည်းလုပ်ဖို့က သိပ်မခက်ပါဘူး။ ထိုင်ခုံမှာ ထိုင်ရင်းနဲ့ အဖျားကို တိုးထိုင်ပြီး လက်ထောက် ၊ ခြေတစ်ဖက်ကို ခုံအောက်ထိုးသွင်းပြီး ခါးကို ဆန့်ထားရမှာ ဖြစ်ပါတယ်။ ခါးနာတတ်သူတွေအတွက် ဒီနည်းက ထိရောက်ပါတယ်။ တစ်ခြားခြေတစ်ဖက်ကိုလည်း ဒီနည်းအတိုင်း လုပ်ရမှာပါ။

(၅) Hamstring Stretch

ထိုက်ချိနည်းနဲ့ ဆင်ပါတယ်။ မတ်တပ်ရပ် ၊ ခြေတစ်ချောင်းဆန့်ပြီး နောက်တစ်ဖက်ကို အနည်းငယ်ခပ်ကွေးကွေးထားပြီး လက်ဖဝါးကို ဆန့်ဖြန့်ကာ နှိမ့်ချထားရမှာ ဖြစ်ပါတယ်။ ခြေထောက်တွေကို အပြောင်းအလဲလုပ်ပြီး အကြောလျှော့ပေးပါ။ အကြောလျှော့ထားချိန်မှာ ခြေထောက်တွေကို စက္ကန့် ၃၀ လောက် တောင့်ထားရမှာပါ။ ဒီလေ့ကျင့်နည်းကို ဖြည်းဖြည်းချင်း လေ့ကျင့်ပေးသွားရမှာ ဖြစ်ပါတယ်။