ကျန်းမာရေးဘက်က ပြောမယ်ဆိုရင် နှလုံး ၊ သွေးတိုး ၊ ဆီးချိုနဲ့ တချို့ ကင်ဆာလိုမျိုး အသက်ဘေးကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဆိုးကြီးတွေ ဖြစ်စေနိုင်လို့ Belly Fat တွေ မတက်အောင် နေထိုင်ဖို့ လိုပါတယ်။ ဒါကြောင့်ပဲ Belly Fat တွေ ဖယ်ရှားနိုင်ဖို့ လိုက်နာသင့်တဲ့ အဆင့်လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) တစ်ပတ် အနည်းဆုံး ၂ နာရီခွဲ အားကစားလုပ်ပါ

မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ (ဥပမာ- ရွရွပြေးတာ ၊ အဖွဲ့လိုက် ကခုန်တာ ၊ တင်းနစ်ကစားတာလိုမျိုး) ကို တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လုပ်ဖို့ ဆရာဝန်တွေက ညွှန်ကြားကြပါတယ်။ ကျန်းမာကြတဲ့ အရွယ်ရောက်သူတွေအတွက် တစ်ရက်ကို အနည်းဆုံး မိနစ် ၂၀ ၊ နာရီဝက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ လိုပါတယ်။

Duke University ရဲ့ လေ့လာမှုအရ ဗိုက်ခေါက်ကျအောင် Belly ကစားတာလိုမျိုး Resistance Training တွေနဲ့တင် ဗိုက်အဆီပြဿနာ ရှင်းထုတ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်ပတ် ၄ ကြိမ် အေရိုးဗစ်ကစားတာနဲ့ဆိုရင် ဗိုက်ခေါက်အဆီစုဝေးမှုကို ထိထိရောက်ရောက် လျှော့ချနိုင်မှာဖြစ်ပါတယ်။

(၂) Diet စားသုံးမှု စနစ်ကျပါစေ

ကျန်းမာရေးနဲ့ ညီအောင် စားသောက်ဖို့ ဆိုတဲ့ တိုက်တွန်းချက်ဟာ ကြားရဖန်များလွန်းလို့ ရိုးအီနေလောက်ပါပြီ။ ဒါပေမယ့်လည်း အစားအသောက်ကြောင့် လူတွေ ရောဂါဝင်နိုင်ခြေကို လျှော့မတွက်သင့်ပါဘူး။

ဗိုက်အဆီတက်စေတဲ့ နံပါတ်တစ်ရန်သူစာရင်းမှာ သကြားကို ထည့်ပြောကြပါတယ်။ မသိလိုက်ဘဲ လွန်လွန်ကဲကဲ စားသုံးလိုက်တဲ့ သကြားတွေကြောင့် ဗိုက်အဆီတက်နိုင်ပါတယ်။

သကြားဟာ အာဟာရရှိတယ်လို့ ပြောနေကြတဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ချောင်းမြောင်းပုန်းခိုနေတတ်ပါတယ်။ ဥပမာ – လိမ္မော်ဖျော်ရည် ၊ ပေါင်မုန့်ဖြူ ၊ ကွေကာနဲ့ ဝိုင်တို့ ဖြစ်ပါတယ်။ နောက်ထပ် သတိထားရမှာက ကျန်းမာတဲ့အဆီနဲ့ မကောင်းတဲ့အဆီ ဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်သူတွေသုံးကြတဲ့ အစားအစာတွေ လတ်ဆတ်ပြီး တာရှည်ခံအောင် သုံးနေကြတဲ့ Hydrogenated Oil ၊ ပန်းနှမ်း Canola ဆီ ၊ ဟင်းရွက်ဆီ ၊ မာဂျရင်း နဲ့ ထောပတ်ထုတ်ကုန်တုတွေမျိုးကတော့ မဖြစ်မနေ ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၃) အိပ်စက်မှု ဟန်ချက်ရှိထားပါ

အိပ်ချိန်နည်းလွန်းခြင်း နဲ့ များလွန်းခြင်း နှစ်မျိုးစလုံးက အူနဲ့ ဝမ်းဗိုက်တစ်ဝိုက်က အဆီတွေပေါ် သက်ရောက်မှုရှိပါတယ်။တစ်ရက် ၅ နာရီနဲ့ အောက် အိပ်သူတွေ ၊ ၈ နာရီနဲ့ အထက် အိပ်သူတွေဟာ ပုံမှန် ၆ နာရီနဲ့ ၇ နာရီအတွင်း အိပ်သူတွေထက် ဗိုက်ဆီ ပိုတက်စေနိုင်ပါတယ်။

ဗိုက်ဆီလျှော့ဖို့ဆို အိပ်ချိန်လည်း မျှအောင်ထားဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း တစ်ပတ် ၂ ပေါင်ထက် မပိုဘဲ ဝိတ်ချတာမျိုး လုပ်ဆောင်သင့်ပါတယ်။

အခုပြောတဲ့အချက်တွေကို နေ့စဉ် ပုံမှန်စွဲစွဲမြဲမြဲ လုပ်ဆောင်သွားရင်ကို ပိုလျှံဗိုက်အဆီတွေ လျှော့ချပေးနိုင်ပြီး ရောဂါဘယတွေ အဖြစ်နည်းစေမှာ ဖြစ်ပါတယ်။