ဘယ်သူမဆို စိတ်ခံစားချက် အနိမ့်အမြင့် အတက်အကျကို အချိန်တိုင်း တွေ့ကြုံခံစားရစမြဲပါ။ စိတ်ဓါတ်တက်ကြွတဲ့ အချိန် ရှိသလို စိတ်လေလွင့်နေပြီး အရာရာ‌ပျောက်ဆုံးသွားသလို ခံစားရတဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ စိတ်ထဲမှာ ဘာကိုမှ ဆုပ်ကိုင်ထားလို့ မရဖြစ်နေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် တည့်မတ်ဖို့အတွက် အထောက်အကူဖြစ်မယ့် ခွန်အားဖြည့်စကားတွေ နားထောင်ဖို့ လိုပါတယ်။ မိတ်ဆွေကောင်းတွေ ၊ ဆရာတွေရဲ့ အကြံပြုချက်တွေကို လိုက်နာသင့်ပါတယ်။ အခုပြောမယ့်နည်းလမ်းလေးတွေကလည်း စိတ်လေနေတဲ့အချိန်တွေကို ဖြတ်သန်းဖို့ အကူအညီပေးနိုင်မှာပါ။

(၁) စိတ်ကို ရှင်းထားပါ

woman with laptop meditating

Photo: Freepik

စိတ်လေနေချိန်မှာ စိတ်ကို အအေးဆုံးထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ စိတ်ထဲက လက်ရှိအတွေးအားလုံးကို မောင်းထုတ်လိုက်ပါ။ ခေါင်းထဲမှာ အရှင်းဆုံး အကြည်ဆုံးဖြစ်အောင် ထားလိုက်ပါ။ အာရုံတွေ ပြောင်းစေဖို့ စာအုပ်ကောင်းတစ်အုပ်အုပ်ကို ကောက်ဖတ်လိုက်ပါ။ ဒါမှမဟုတ် တရားထိုင်ပြီး စိတ်သန့်ရှင်းရေး ဝင်လိုက်ပါ။

(၂) ကိုယ့်ရဲ့ Passion ကို အာရုံစိုက်ပါ

woman with laptop meditating

Photo: Freepik

ရည်မှန်းချက်တွေ ပျောက်နေရင်လည်း အလွယ်လေးနဲ့ စိတ်လေသွားနိုင်ပါတယ်။ ကိုယ်ကို စိတ်အားထက်သန်မှုတွေ ပြန်ခေါ်ပေးနိုင်မယ့် ကိုယ့်မျှော်လင့်ချက်ပန်းတိုင်တွေကို ပြန်မော့ကြည့်လိုက်ပါ။ ဒါမှမဟုတ် ပန်းတိုင်သစ်တစ်ခုခု ၊ အမြင်သစ်တစ်ခုခုနောက် လိုက်ပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ပြန်နှိုးပေးမယ့် မောင်းနှင်အားတစ်ခုကို မွေးယူဖို့ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါ

Woman Sitting On Bed

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေခြင်းဟာ ကိုယ့်ကို လမ်းကြောင်းမှန် ၊ ဦီးတည်ချက်မှန်ကို ပြန်ရောက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖြတ်သန်းမှုနဲ့ လက်ရှိ ပစ္စက္ခအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ အားနည်းချက်တွေကို သေချာသိမှပဲ ရှေ့လျှောက် ပိုကောင်းတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။