အလုပ်ကိစ္စတွေပဲ ခေါင်းထဲထည့်ထားလွန်းလို့ မိသားစုနဲ့ တရင်းတနှီး မနေနိုင်တဲ့အဖြစ်မျိုးက ဘဝအဓိပ္ပါယ်ပျောက်ဆုံးခြင်းတစ်မျိုးပါပဲ။ တစ်နေကုန် ရုံးစားပွဲမှာ ထိုင်ရင်း အလုပ်ပြီးအလုပ်နဲ့ နေဝင်မိုးချုပ်နေခဲ့ရင် သင့်ရဲ့ အလုပ်လုပ်နေတဲ့ ပုံစံက မှားနေပါပြီ။ အလုပ်နဲ့ဘဝ ဟန်ချက်မျှဖို့အတွက် နည်းလမ်းရှာဖို့လည်း လိုပါပြီ။

(၁) ထိုင်ရာက ထဖို့ မမေ့ပါနဲ့

Photo: Freepik

အလုပ်တွေ ဆက်တိုက်လုပ်နေရင် ကျန်းမာရေးလည်း ထိမယ်။ လူမှုရေးလည်း ပျက်စီးနိုင်တယ်။ အလုပ်စားပွဲက ထလိုက်ပါ။ အလုပ်ချည်း လုပ်နေမိပြီး မိသားစုနဲ့ ကိုယ့်ဘဝအတွက် အချိန်မပေးဖြစ်ဘူးလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ အလုပ်တွေပဲ လုပ်နေမိတယ်ဆိုရင် အလုပ်ချိန် လျှော့ဖို့ ၊ အနားယူဖို့ ၊ စိတ်အေးငြိမ်းအောင် ယောဂနဲ့ တရားရှုမှတ်မှုလိုမျိုး အလေ့အကျင့်လေးတွေ လုပ်ပေးဖို့ အချိန်ယူပါ။

(၂) အကန့်ခွဲတတ်ပါစေ

Photo: Freepik

အလုပ်ကို သူ့အချိန် သူ့အခါနဲ့ လုပ်မယ်။ ဘယ်အချိန်ကို ကိုယ်ပိုင် အချိန်ပေးမယ်။ မိသားစုတွေ မိတ်ဆွေတွေနဲ့ နေဖို့အတွက်လည်း အချိန်ချန်မယ်ဆိုပြီး အကန့်ခွဲတတ်တဲ့ အကျင့်လေး လုပ်ကြည့်ပါ။ ဥပမာ- ညနေ ၅ နာရီနောက်ပိုင်း အလုပ်ကိစ္စတွေ ခေါင်းထဲက ထုတ်ထားပြီး မိသားစုနဲ့ အချိန်ကုန်မယ်။ ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးမယ်။ စိတ်နဲ့ နှလုံးသားကို အာဟာရပေးမယ့် စာလေးတွေ ဖတ်မယ်လို့ ဆုံးဖြတ်ပြီး အချိန်ဇယားနဲ့ နေကြည့်ပါ။

(၃) ကိုယ်ပိုင်အချိန် မိနစ် ၃၀ ယူပါ

Photo: Freepik

အခုခေတ်မှာ စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်လေလေ အလုပ်လုပ်နိုင်စွမ်း ပိုတက်လာပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ပိုနားလည်အောင် ကူညီပေးနိုင်ပါတယ်။ ဒီအတွက် ဘယ်သူနဲ့မှမဆိုင်တဲ့ ကိုယ်ပိုင်အချိန် မိနစ် ၃၀ ပေးကြည့်ပါ။ နေ့တိုင်းမှာ ပုံမှန်အချိန်ဇယားတွေကနေ ခွဲထွက်ပြီး မိနစ် ၃၀ ကို ကိုယ့်အတွက်ကိုယ် Appointment ပေးပါ။ ဒီမိနစ် ၃၀ အတွင်းမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ်။ ဥပမာ အပြင်ထွက် လမ်းလျှောက်မလား။ ယောဂကစားမလား။ စိတ်တည်ငြိမ်စေဖို့ Refocus လုပ်ကြည့်မလား။ စမ်းကြည့်ပါ။

(၄) ပျော်ပျော်နေတတ်ပါစေ

Photo: Freepik

ဟာသဟာ စိတ်ဖိစီးမှုနဲ့ သောကကို ရင်ဆိုင်ရာမှာ အကောင်းဆုံးလက်နက်ဖြစ်သလို Work-Life Balance မျှခြေမှာ အဖိုးတန်တဲ့ ကိရိယာတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်လည်း လုပ်ပါ။ ဘဝမှာလည်း ပျော်ရွှင်တဲ့ စိတ်အခံနဲ့ ဖြတ်ကျော်နိုင်ဖို့ အရေးကြီးပါတယ်။ ကြည်လင်ရွှင်မြူးတဲ့စိတ်နဲ့ ဖြတ်သန်းရင်းနဲ့ပဲ အလုပ်/ဘဝ ချိန်ခွင်လျှာမှာ ဟန်ချက်ညီစွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

(၅) ခရီးတွေ ထွက်ပါ

Photo: Freepik

တစ်နှစ်မှာ ၁ ပတ် ၁၀ ရက်လောက် ခွင့်ယူပြီး မိသားစုခရီးတွေ သွားတာ ၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်တာမျိုး လုပ်သင့်ပါတယ်။ တစ်နှစ်လုံးမှာ စိတ်လွတ်ကိုယ်လွတ် ၁၀ ရက်လောက် အချိန်ပေးနိုင်ဖို့ အလုပ်တွေလည်း သူ့အချိန်အခါနဲ့သူ အပြည့်အဝလုပ်ခဲ့ပါ။ ပိုက်ဆံလည်း စုထားပေါ့။ ခွင့်ရက်ရှည်ရတဲ့ ရက်တွေမှာဆို ပျော်ပျော်ကြီး ခရီးတွေ သွားပါ။ မရောက်ဖူးတဲ့နေရာတွေ သွားတော့ စိတ်အပြောင်းအလဲ ဖြစ်ပြီး ပေါ့ပါးကြည်နူးလာစေနိုင်လို့ ဖြစ်ပါတယ်။ ပြီးရင်တော့ အသစ်ဖြစ်လာတဲ့ စိတ်ခွန်အားတွေနဲ့ ရုံးအလုပ်တွေထဲ ပြန်ဝင်လာနိုင်မှာ ဖြစ်ပါတယ်။