မင်္ဂလာပါနော်။ ကိုယ်ရေးကိုယ်တာနဲ့ပက်သက်တဲ့ အမှတ်တရတက်တူးတွေကို အများရှေ့မပြချင်လို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် တက်တူးကို ခဏတာဖုံးထားဖို့လိုအပ်လို့ပဲဖြစ်ဖြစ် အသုံးဝင်စေမယ့် မိတ်ကပ်လိမ်းပြီး ဖုံးတဲ့နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မိတ်ကပ်တွေက မျက်နှာမှာရှိတဲ့ အပြစ်အနာအဆာတွေ ဖုံးနိုင်တဲ့အပြင် လိမ်းတတ်ရင်လိမ်းတတ်သလို ကိုယ်ပေါ်က တက်တူးကိုပါ လုံးဝမမြင်ရအောင် ဖန်တီးနိုင်မှာပါ။ အများစုတက်တူးနေရာတွေက အဝတ်အစားတွေနဲ့ထိနေတတ်တာမို့ အဝတ်နဲ့ပွတ်မိပြီး မိတ်ကပ်ပျက်သွားတာမျိုး မဖြစ်အောင်လိမ်းတတ်ဖို့ အဓိကပါပဲ။ ဒီတော့ အဆင့်ဆင့် မိတ်ကပ်လိမ်းနည်းလေးကို ကြည့်လိုက်ရအောင်-

အသားအရေကို Cleansing အရင်လုပ်ပါ


တက်တူးထိုးထားတဲ့နေရာကို Cleanser နဲ့ဆေးတာ (သို့) အရက်ပြန်နဲ့ပွတ်လိုက်မျိုး အရင်လုပ်ပေးပါ။ တက်တူးအရွယ်အစားကြီးရင် ရေချိုးလိုက်တာ ပိုကောင်းပါတယ်။ ဒီလိုလုပ်ပေးတာက တက်တူးနေရာကို သန့်စင်ပေးရာရောက်သလို မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီး စိမ့်ဝင်စေပါတယ်။

Primer အဆင့်


အချိန်ကြာကြာမိတ်ကပ်မပျက်ချင်ရင်အောက်က Primer ခံပြီးလိမ်းတာပိုကောင်းပါတယ်။ Primer ကို တက်တူးနေရာလေးမှာ ခပ်ပါးပါးပွတ်လိမ်းပေးပါ။

Color Correcting အဆင့်


အရောင်ပါတဲ့တက်တူးတွေက အသားအရောင်နဲ့ပြန်ညှိပေးဖို့လိုတာကြောင့် Color Corrector သုံးဖို့လိုပါတယ်။ အနီပါတဲ့တက်တူးတွေဆိုရင် အစိမ်းရောင်သုံးပေးပြီး အသားညိုတဲ့သူတွေက လိမ္မော်ရောင်နဲ့ ဖြူသူတွေက ပန်းရောင်ပါတာလေးတွေသုံးပြီး အရောင်ပြန်ညှိပေးပါ။ ထိုးတာမကြာသေးလို့ တက်တူးအရောင်တောက်နေရင် အပေါ်က Loose Powder တစ်ထပ်နဲ့ တွဲလိမ်းပေးဖို့လိုပါတယ်။

Concealer လိမ်းတဲ့အဆင့်

အရည် ဒါမှမဟုတ် Concealer ခရင်မ် အမျိုးအစားထဲက ကိုယ့်အသားထက် ပိုလင်းတာလေးသုံးပြီး တက်တူးပေါ်မှာ ထပ်လိမ်းပေးပါ။ ပွတ်မဆွဲဘဲ Makeup ဖော့လေးနဲ့ခပ်ဖွဖွပုတ်ပြီး ဖြန့်လိမ်းပေးပါ။ လိမ်းပြီး Concealer ခြောက်အောင် နှစ်မိနစ်လောက်ထားရပါမယ်။

Foundation လိမ်းတဲ့အဆင့်

 

Foundation အတွက် အသားအရောင်နဲ့ကွက်တိဖြစ်မယ့် ကာလာကို ရွေးပြီး အရည်၊ Cream နဲ့ Spray အမျိုးအစားတစ်ခုရွေးလိမ်းပေးပါ။ မိတ်ကပ်ရည်သုံးတဲ့သူတွေက ရေစွတ်ထားတဲ့မိတ်ကပ်ဖော့ ဒါမှမဟုတ် လက်ချောင်းထိပ်ကို သုံးကာ ဖြန့်လိမ်းပြီး Brush နဲ့ပြန်ညှိပေးပါ။ တက်တူးမမြင်ရတော့တဲ့အထိ ဖြည့်လိမ်းပေးရပါမယ်။

Powder လိမ်းတဲ့အဆင့်

ပေါင်ဒါမှုန့်အနည်းငယ်ကို Brush အကြီးသုံးပြီး မိတ်ကပ်သားသိပ်သိပ်လေးဖြစ်အောင် အပေါ်ကနေ ထပ်အုပ်ပေးပါနော်။ အဆီကိုပါစုပ်ယူပေးတာမို့ မိတ်ကပ်တော်ရုံနဲ့မပျက်ဘဲ ကြာရှည်ခံစေမှာပါ။

Setting Spray ဖြန်းလိုက်ပါ

နောက်ဆုံးအဆင့်အနေနဲ့ Setting Spray လေးဖြန်းပေးပါနော်။ မိတ်ကပ်အသားကျစေသလို အစိုဓာတ်ပေးလိုက်သလိုဖြစ်တာမို့ Natural ဆန်ဆန်လေးမြင်ရစေမှာပါ။

Photo Source: Pinterest, sheknows.com

By MyStyle Myanmar