မိတ်ကပ်လိမ်းတယ်ဆိုတာ Foundation လေးလိမ်း၊ Eyeliner လေးဆွဲ၊ Eyeshadow လေးဆွဲပြီး နှုတ်ခမ်းနီလေးဆိုးလိုက်ရုံနဲ့ မိတ်ကပ်ပြင်ဆင်တယ်လို့ပြောလို့မရပါဘူး။ လှပတဲ့မိတ်ကပ်ပြင်ဆင်မှုမျိုးရရှိအောင် တစ်ဆင့်ချင်းစီလိမ်းခြယ်သွားသင့်တဲ့ မိတ်ကပ်လိမ်းနည်းတွေကလည်းရှိနေပါသေးတယ်။

နေ့တိုင်း မိတ်ကပ်ပြင်ဆင်နေရတဲ့ ပျိုမေတို့အတွက် ဒီလိုမျိုးမှန်ကန်တဲ့ အဆင့်တွေကိုသေချာသိထားမှ အဆင်ပြေမှာပေါ့။

အရင်ဆုံး Skin Care ကနေစပါမယ်

Skin Care လိမ်းဖို့ဘာကြောင့်လိုအပ်တာလဲဆိုတော့ မိတ်ကပ်လိမ်းတဲ့အခါမှာ အသားအရေတွေကို ပျက်စီးမှုမရှိအောင်၊ နောက်ပြီးတော့ အသားအရေကောင်းနေအောင် Skin Care လုပ်ထားမှပိုပြီးတော့ လှပနေမှာပေါ့။

Skin Care ပြီးရင်တော့ Primer

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် Primer ကအရမ်းကိုအရေးကြီးပါတယ်။ Primer ခံပြီးလိမ်းတဲ့မိတ်ကပ်သားနဲ့ မခံပဲလိမ်းတဲ့မိတ်ကပ်သားတွေမှာ Primer ခံပြီးတော့လိမ်းတဲ့ မိတ်ကပ်ကပိုကြည့်ကောင်းပြီး မိတ်ကပ်သားကွပ်တာမျိုးတွေလည်း မဖြစ်စေပဲ သပ်သပ်ရပ်ရပ်ပိုရှိတာပေါ့။

ပြီးရင်တော့ Foundation ပေါ့

Primer လိမ်းပြီးသွားရင်တော့ Foundation ကိုလိမ်းပေးလို့ရပါပြီ။ Foundation လိမ်းတဲ့အခါမှာ လက်နဲ့ပဲလိမ်းတာထက် Brush ဒါမှမဟုတ် Sponge နဲ့လိမ်းပေးတာက မိတ်ကပ်သားကို သိပ်သိပ်လေးနဲ့ပိုပြီးတော့ ကြည့်ကောင်းစေပါတယ်။

မျက်ခုံးမွှေးဆွဲဖို့အချိန်ကြပါပြီ

Foundation လိမ်းပြီးသွားရင်တော့ ကိုယ့်မျက်နှာအချိုးအစားနဲ့လိုက်ဖက်မှုရှိတဲ့ မျက်ခုံးမွှေးကို သပ်သပ်ရပ်ရပ်ဖြစ်နေအောင် ဆွဲပေးဖို့လိုပါတယ်။

မျက်လုံးအလှအတွက်

မျက်လုံးအလှအတွက်အချိန်ပေးဖို့လိုလာပါပြီနော်။ အရင်ဆုံး Eyeshadow ကိုစိတ်ကြိုက်ခြယ်ပေးလိုက်ပါ။ ပြီးရင်တော့ Eyeliner ဆွဲပေးရပါလိမ့်မယ်။ ဒါတွေပြီးသွားပြီဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးဖြစ်ဖို့ မျက်တောင်လေးတွေကို Mascara နဲ့ကော့ပေးရမှာပဲဖြစ်ပါတယ်။

ပြီးရင်တော့ မျက်နှာပိုင်းအလှအပကိုလာပါမယ်

Foundation လိမ်းပြီးသွားတဲ့မျက်နှာပေါ်မှာ မျက်နှာအချိုးအစားကို ပိုပြီးပေါ်လွင်စေဖို့ Contour လုပ်တာတွေ၊ Highlight ထည့်တာတွေကို လုပ်ပေးရမှာပါ။

အရောင်အသွေးလေးတွေရှိနေတဲ့ နှုတ်ခမ်းသား

နှုတ်ခမ်းအလှကိုပိုပြီးတော့ ပေါ်လွင်နေစေအောင် နှုတ်ခမ်းနီမဆိုးခင်မှာ lip blam ကိုအရင်ဆိုးပေးသင့်ပါတယ်။ ဒါမှာ နှုတ်ခမ်းသားတွေကို မပျက်စီးစေမှာပေါ့။ ပြီးသွားရင်တော့ နှုတ်ခမ်းနီလေးကို သပ်ရပ်နေအောင်ဆိုးပေးလိုက်ပါ။ ဒီလိုဆိုရင်တော့ အရမ်းကိုလှပပြီး ပြည့်စုံတဲ့မိတ်ကပ်ပြင်ဆင်မှုကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest