နေ့စဉ်မနက်ကနေ ညနေအထိ ရုံးတက်ရတဲ့သူတွေအတွက် အားကစားလုပ်ဖို့အချိန်ဆိုတာ ခပ်ရှားရှားရယ်ပါ။ မနက်ခင်းမှာ ရုံးတက်ဖို့ ကြိုတင်ပြင်ဆင်ရသလို တစ်နေ့တာမှာလည်း ရုံးရဲ့လုပ်ငန်း ဆောင်တာတွေ လုပ်ကိုင်ရင်း ညနေရုံးဆင်းတဲ့အခါ အိမ်ပြန်ပြီးပဲ နားချင်ကြတာပဲမဟုတ်လား။

ဒီတော့ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဒါပေမယ့်မပူပါနဲ့ ဒီနေ့တော့ ရုံးတက်ရင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နိုင်မယ့်နည်းလမ်းကောင်းတွေပြောပြပေးချင်ပါတယ်။

လမ်းလျှောက်ပါ

နံနက်ခင်း လမ်းလျောက်လေ့ကျင့်ခန်းလုပ်ဖို့ တကူးတက အချိန်မပေးနိုင်လို့ စိတ်မညစ်ပါနဲ့။ အဓိကက ကိုယ်လက်လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုတဲ့ စိတ်ပဲလိုအပ်တာပါ။ အိမ်ကနေရုံးကို သွားတဲ့ခရီးမှာ တတ်နိုင်သလောက် လမ်းလျှောက်သွားတာမျိုး၊ စက်ဘီးနဲ့သွားတာမျိုးကို ပြုလုပ်ကြည့်လိုက်ပါ။ ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုပဲလေ။

လှေကားအတက်အဆင်း မပျင်းပါနဲ့

တစ်နေ့တာ လုပ်ငန်းခွင်အတွင်းမှာလည်း ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ကိုင်လို့ရပါတယ်။ ရုံးဝေယျာဝစ္စတွေ လုပ်တဲ့အခါမှာ တတ်နိုင်သလောက် ဓာတ်လှေကား၊ စက်လှေကားများကို ရှောင်ကြည်ပေးပါ။ ရိုးရိုးလှေကားကနေ အတက်အဆင်းလုပ်ပြီး ခန္ဓာကိုယ်က အဆီတွေကိုလျော့ချလိုက်ပါ။

မတ်တတ်ရပ်ဖို့ ဝန်မလေးပါနဲ့

မိုးလင်းရုံးရောက်တာနဲ့ ထိုင်နေရတဲ့ထိုင်ခုံကို စွဲလန်းမနေသင့်ပါဘူး။ တနေကုန်ထိုင်နေတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာလေးလံပြီး ပေ့ါပါးသွက်လက်မှုမရှိတတ်ပါဘူး။ အထိုင်များတဲ့သူတွေဟာ ကျန်းမာရေးလည်းချူချာတတ်ပါတယ်။ ဒီအတွက် တခါတရံမတ်တတ်ရပ်ပြီးအလုပ်လုပ်ပေးသင့်ပါတယ်။