ယနေ့လူငယ်တွေကြားမှာ အင်မတန်ရေပန်းစားနေတဲ့ Tiktok ဟာဆိုရင် ကလေးလူကြီး ကျားမ မရွေး ပျော်ရွှင်နှစ်သက်စွာ အသုံးပြုနေတဲ့ ပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီ Tiktok မှာ တင်ထားသမျှ ဗီဒီယိုလေးတွေမှတဆင့် သရုပ်ဆောင်၊ အက၊ သီချင်း စသဖြင့် လူတစ်ဦးစီရဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို လက်တွေ့အသုံးချနိုင်တယ်ဆိုလည်း မမှားပါဘူး။

Tiktok ကို အသုံးပြုနေကြတဲ့ လူသန်းပေါင်းများစွာထဲမှာ ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေလည်း ပါဝင်နေပါတယ်။ အခုလို Tiktok ပလက်ဖောင်းပေါ်မှာ လူသိများနေတဲ့ အနုပညာရှင်တွေထဲကမှ Follower ပေါင်း ၁၀ သန်းကျော်သွားပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော အနုပညာရှင် မင်းသမီး Lee Si Young အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အမည်ရင်း Lee Si Young နှင့်ပဲ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပြီး သူမရဲ့မွေးနေ့ကတော့ ၁၉၈၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ပါ။ တောင်ကိုရီးယားနိုင်ငံရှိ Heungdeok-gu, Cheongju ခရိုင်မှာ မွေးဖွားခဲ့ပြီး အသက် ကိုးနှစ်အရွယ်မှာ ဆိုးလ်မြို့သို့ပြောင်းရွေ့ခဲ့ပါတယ်။

B သွေးအမျိုးအစားပိုင်ရှင်ဖြစ်ကာ အရပ်အမြင့် ၁၆၉ စင်တီမီတာ (၅ ပေ ၇ လက်မ) နဲ့ ကိုယ်အလေးချိန် ၁၀၅ ပေါင်ရှိပါတယ်။ သူမရဲ့ဝါသနာကတော့ လက်ဝှေ့ထိုးတာဖြစ်ပြီး ကျောင်းသူအရွယ်ကတည်းက လက်ဝှေ့ထိုးတာကို သင်ယူလေ့ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။

တက္ကသိုလ်တက်စဥ်တုန်းက ဖက်ရှင်ဒီဇိုင်းမေဂျာယူခဲ့တာဖြစ်ပေမယ့်လည်း သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူမကိုလူသိများစေခဲ့တာကတော့ “Boys Over Flowers” ဇာတ်ကားထဲမှာ ဂင်ဂျန်ဒီရဲ့ တစ်ဦးတည်းသောကျောင်းကသူငယ်ချင်းဇာတ်ကောင်ပဲဖြစ်ပါတယ်။ ထို့အပြင် “ဟန်ဆောင်အနမ်း” ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

‘We Got Married’ အစီအစဥ်မှာ အတူပါဝင်ခဲ့တဲ့ Jun Jin နဲ့ ခဏတာတွဲခုတ်ခဲ့ပေမယ့် ခြောက်လကြာပြီးနောက် လမ်းခွဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်သမားတစ်ဦးနဲ့ တွဲနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ကိုယ်ဝန်ဆောင်တဲ့သတင်းနဲ့ လက်ထပ်ပွဲသတင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ အခုချိန်မှာတော့ သားလေးတစ်ယောက်ရဲ့ မေမေဖြစ်နေပါပြီ။

Source: Pinterest