ချစ်သူနဲ့ ပထမဦးဆုံး ဒိတ်လုပ်တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှုကတော့ ရာနှုန်းပြည့်ပါပဲ။ ပထမဦးဆုံးဒိတ်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားတာက သာမန်ထက်ပိုတာကြောင့် အလွဲလွဲအချော်ချော်နဲ့ ပြောစရာစကားလုံး ရှာမတွေ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်ရလေအောင် ချစ်သူနဲ့ ပထမဦးဆုံးဒိတ်မှာ ပြောသင့်တဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ အကြောင်းအရာတချို့ကို မျှဝေပေးလိုပါတယ်။

(၁) ငယ်ဘဝ အမှတ်တရ

လူတိုင်း အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘဝအမှတ်တရတွေအကြောင်း ပြန်ပြောင်းပြောပြရတာ နှစ်သက်ကြပါတယ်။ ငယ်ဘဝက နေထိုင်ခဲ့တဲ့ ဇာတိအကြောင်း ၊ မှတ်မှတ်ရရ ငယ်ဘဝရဲ့ အမှတ်တရတွေအကြောင်း စတဲ့အရာလေးတွေကို ပြောနိုင်ပါတယ်။

သူ့ရဲ့ ငယ်ဘဝ ဖြတ်သန်းမှုကို သိရှိခွင့်ရတာဟာ သူမအကြောင်းကို ပိုပြီး နားလည်နိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၂) ခရီးအသွားချင်ဆုံး နေရာ

အလည်အပတ်ခရီးစဉ်တွေအကြောင်း ပြောရတာလည်း အမြဲတမ်း ပျော်စရာကောင်းတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ သူက ကမ်းခြေကိုကြိုက်တဲ့ သူတစ်ယောက်လား၊ တောင်တန်းတွေကို ချစ်တဲ့သူလား၊ သူ့ရဲ့ Favorite အဖြစ်ဆုံးမြို့က ဘယ်မြို့ဖြစ်မလဲ၊ ဘယ်နေရာတွေကို အလည်အပတ် ခရီးသွားချင်လဲ၊ ရောက်ဖူးခဲ့တဲ့ ခရီးတွေထဲက အမှတ်တရအဖြစ်ဆုံး ခရီးစဉ်တွေ၊ နောက်ထပ် အလည်အပတ် အသွားချင်ဆုံး နေရာလေးတွေ စတဲ့ အကြောင်းအရာလေးတွေကို အပြန်အလှန် မျှဝေလို့ရပါတယ်။

(၃) အားလပ်ချိန် ဖြတ်သန်းပုံ

တစ်ယောက်နဲ့တစ်ယောက် အားလပ်ချိန်တွေမှာ အနားယူ ဖြတ်သန်းပုံလေးတွေက မတူညီကြပါဘူး။ တချို့ကလည်း ရုပ်ရှင်တွေ ကြည့်ရတာ ကြိုက်သလို ၊ တချို့ကလည်း တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေးတစ်ခုမှာ စာအုပ်ဖတ်ရင်း အချိန်ကုန်ဆုံးလေ့ ရှိကြပါတယ်။

သူ့အနေနဲ့ အားလပ်ချိန်တွေမှာ ဘယ်လိုဖြတ်သန်းလေ့ရှိလဲ ၊ သူ့ရဲ့ အကြိုက်ဆုံး စာအုပ်တွေ ၊ အကြိုက်ဆုံး ရုပ်ရှင်တွေ ၊ သီချင်းတွေ စတဲ့ အကြောင်းအရာလေးတွေကို ပေါ့ပေါ့ပါးပါး ဆွေးနွေးလို့ရပါတယ်။

(၄) အကြိုက်ဆုံး အစားအစာ

အစားအသောက်တွေအကြောင်း ပြောရတာလည်း ပျော်ဖို့ကောင်းပါတယ်။ သူက ဘယ်လို အစားအစာတွေ ကြိုက်တတ်လဲ၊ သူအကြိုက်ဆုံး အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာ မေးကြည့်ပါ။