တချို့တွေက ကိုယ့်ရည်းစားကို သေးသေးလေးကအစ အကုန် အစအဆုံးပြောပြတတ်ကြတယ်။ ရင်ဖွင့်တတ်ကြတယ်။ ရင်ဖွင့်တာ၊ ပြောပြတာမျိုးက ကိစ္စမရှိပေမယ့်လည်း တစ်ချို့အကြောင်းအရာလေးတွေကျတော့ မပြောပြတာက ပိုကောင်းပါတယ်။ ဒီတော့ နောက်လည်း ဆင်ခြင်လို့ရအောင် ကိုယ့်ရည်းစားကို အကုန်မပြောပြသင့်တဲ့ အကြောင်းအရာတစ်ချို့က ဘာတွေလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

အားနည်းချက်

ကိုယ့်အားနည်းချက်တွေကို ကိုယ့်ရည်းစားမှ မဟုတ်ပါဘူး၊ တခြားဘယ်သူ့ကိုမှ ထုတ်မပြောပြသင့်ပါဘူး။ တည့်နေတဲ့အချိန်၊ အဆင်ပြေနေတဲ့အချိန်မှာတော့ ကိုယ့်အားနည်းချက်ကိုသိထားပြီး ကိုယ့်အပေါ်သနားတာမျိုး၊ ကြင်နာတာမျိုးတွေ ရှိပါလိမ့်မယ်။ မတည့်တော့တဲ့အချိန်၊ မလိုတော့တဲ့အချိန်မှာ လူတွေက သူများအားနည်းချက်ကို ဖိပြောတတ်ကြတယ်၊ အသုံးချတတ်ကြတယ်။ ဒါကြောင့် ကိုယ့်အားနည်းချက်ကို ဘယ်တော့မှ ထုတ်မပြောပါနဲ့။

စိတ်ညစ်စရာတွေ

စိတ်ညစ်စရာတွေကို ပြောပြတဲ့အခါ၊ ရင်ဖွင့်တဲ့အခါမှာ တော်တော်များများက သူငယ်ချင်းနဲ့ ရည်းစားကိုပဲ အများဆုံးပြောပြလေ့ရှိကြပါတယ်။ ဒီလိုရင်ဖွင့်လိုက်မှလည်း ရင်ထဲပေါ့သွားတာကိုး။ ဒါပေမယ့် အမြဲတမ်းကြီး တစ်ချိန်လုံး စိတ်ညစ်စရာတွေကို ပြောနေတာမျိုး၊ ညည်းငြူနေတာမျိုးကျတော့ ကြာလာရင် တစ်ဖက်လူလည်း စိတ်ညစ်လာတာမျိုး၊ ငြီးငွေ့လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေကရပေမယ့် အမြဲတမ်းတော့ ဒီလိုတွေ မလုပ်မိပါစေနဲ့။

သူများမကောင်းကြောင်း

အမြဲတမ်း သူများမကောင်းကြောင်းတွေကိုပဲ ပြောနေတာမျိုး၊ ကိုယ့်သူငယ်ချင်းတွေနဲ့ ပြောရတာနဲ့တင်အားမရလို့ ကိုယ့်ရည်းစားကိုပါ ပြောပြနေတာမျိုးတွေ မလုပ်ပါနဲ့။ ကြာလာရင် ကိုယ့်အပေါ် သူ့စိတ်ထဲတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူများမကောင်းကြောင်းတွေ ကိုယ့်ရည်းစားကို ခဏခဏမပြောပြတာ အကောင်းဆုံးပါပဲ။

Photo Source: www.freepik.com