အားနာစရာလိုတဲ့ကိစ္စတွေလည်းရှိပေမယ့် တချို့အရာတွေကျတော့ အားနာစရာမလိုတဲ့အရာတွေလည်း ရှိပါတယ်။ အားနာစရာမဟုတ်တာကို အားနာနေမယ်ဆိုရင်တော့ ကိုယ်ပဲပိုပြီး ပင်ပန်းရမှာပါ။ အရာရာကို ပြတ်ပြတ်သားသားနဲ့ လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်ဖက်လူကို အားနာနေစရာမလိုတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

အမှန်တရားကိုပြောရမှာ အားမနာပါနဲ့။ အမှန်တရားကိုပြောတဲ့အခါမှာ အားနာနေစရာမလိုပါဘူး။

ကိုယ်မလုပ်နိုင်တဲ့အရာ၊ မကူညီနိုင်တဲ့အရာဆိုရင် ငြင်းရမှာ အားမနာပါနဲ့။ မလုပ်နိုင်တာကို အားနာလို့ဆိုပြီး လုပ်ပေးစရာမလိုပါဘူး။ ကိုယ်မသွားနိုင်တဲ့အခါ၊ ကိုယ်မအားတဲ့အခါမှာလည်း ငြင်းရမှာ အားမနာပါနဲ့။

ကိုယ်မသိတဲ့အရာ၊ နားမလည်တဲ့အရာ၊ မရှင်းတဲ့အရာတွေကို မေးရမှာ အားမနာပါနဲ့။ မေးရမှာ အားနာလို့ဆိုပြီး ကိုယ်လုပ်တတ်သလို၊ ကိုယ်ထင်သလိုလုပ်လိုက်ရင် ကိုယ့်အမှားပဲဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောစရာရှိတာကို ပြောပါ။ အားနာစရာမဟုတ်တာကို အားမနာပါနဲ့။

ကိုယ်မကြိုက်တဲ့အရာတစ်ခုကိုလုပ်လာရင် မကြိုက်ကြောင်း ပြောရမှာကို အားမနာပါနဲ့။ မပြောပဲထားလိုက်ရင် ကြာလာတဲ့အခါ ကိုယ်လည်းပိုပြီး သည်းမခံနိုင်ဖြစ်လာမယ်။ စိတ်တိုလာမယ်။ ဒါကြောင့် အစထဲက အားမနာပဲ ပွင့်ပွင့်လင်းလင်းပြောထားပါ။

ချစ်ရေးဆိုလာတဲ့အခါမှာလည်း ကိုယ်မကြိုက်ရင် ငြင်းပါ။ အားနာပြီး အလိုက်အထိုက်နေပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်အတွက်လည်း မကောင်းသလို၊ တစ်ဖက်လူကိုလည်း မျှော်လင့်ချက်ပေးနေသလို ဖြစ်စေပါတယ်။

ကိုယ့်ပစ္စည်း၊ ကိုယ်ပိုင်တဲ့အရာကို ပြန်တောင်းရမှာ အားမနာပါနဲ့။ တချို့က ကိုယ့်ပစ္စည်းနဲ့ကိုယ်၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူများဆီက ပြန်တောင်းရမှာကို အားနာတတ်ကြတယ်။ တချို့ကျတော့ အားနာတတ်တာကို အခွင့်ကောင်းယူတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်က အားနာတတ်တယ်ဆိုရင် အစထဲက မချေးငှားပါနဲ့။

Photo Source: www.freepik.com