စိုးရိမ်စရာတွေများနေတဲ့အခါ၊ စိတ်ညစ်စရာတွေများတဲ့အခါ၊ အစထဲက အားငယ်စိတ်ရှိတဲ့အခါ၊ စိတ်ပျော့တဲ့အခါမျိုးမှာဆိုရင် Overthinking ဖြစ်တာ အရမ်းကိုလွယ်ကူပါတယ်။ ဒီလိုလူတွေမှာ ပိုအဖြစ်များတာကို သိပြီးသားဖြစ်မှာပါနော်။ ဒီလို Overthinking ဖြစ်နေတာကို ရပ်တန့်သွားအောင်မလုပ်ပဲ လွှတ်ထားလိုက်မယ်ဆိုရင်တော့ Depression ဝင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အရမ်းကြီးအတွေးလွန်တာမျိုး Overthinking ဖြစ်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို ရပ်တန့်သွားအောင် ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတဲ့ အသုံးဝင်စေမယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်..

စက္ကန့်ပိုင်းလောက် မျက်လုံးကိုမှိတ်၊ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး လေကိုရှူသွင်းရှူထုတ် လုပ်ပေးပါ။

အကောင်းမြင်တတ်တဲ့ ခံယူချက်ထားပါ။ Overthinking ဖြစ်လွန်းတဲ့သူတွေမှာ Positive ဆန်တဲ့ခံယူချက်တွေ၊ အကောင်းဘက်တွေးတတ်တဲ့စိတ်တွေက မရှိသလောက်ရှားပါတယ်။ ဒါပေမယ့်လည်း ဒီတိုင်းဆက်သွားလို့တော့ မရဘူးလေ။ ဖြေးဖြေးချင်းစီ ကြိုးစားပြင်ကြည့်ရမှာပေါ့။ ဒါကြောင့် Negative ဆန်တဲ့အတွေးတွေ၊ ခံယူချက်တွေကို Positive ဘက်၊ အကောင်းဘက်ကို ကြိုးစားပြီးပြောင်းကြည့်ပါ။ ပေါ်လာတဲ့ Negative အတွေးတွေ၊ မကောင်းတဲ့အရာတွေကို ပြန်တိုက်ထုတ်ပါ။ လက်ခံပြီး ဆက်တွေးမနေပါနဲ့။ မဟုတ်ရင် Overthinking အဖြစ်လွန်ပြီး ကိုယ့်ရဲ့ဖြစ်တည်နေမှုတောင် ပျောက်ဆုံးသွားပါလိမ့်မယ်။

Overthinking ဖြစ်လွန်းပြီး စိတ်ညစ်နေတဲ့အချိန်တွေက Depression ဝင်နေတာနဲ့ နည်းနည်းတူပါတယ်။ တစ်ယောက်ထဲနေချင်တယ်၊ အိပ်ယာထဲမှာပဲ လှဲပြီး လျှောက်တွေးနေချင်နေတယ်။ ဒီလိုလုပ်နေရင် Depression ဘက်ကို ကူးသွားပါလိမ့်မယ်။ ဒါကြောင့် အပြင်သွားပါ။ လမ်းလျှောက်ထွက်ပါ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အပြင်သွားမုန့်စားတာမျိုးလုပ်၊ ပျော်ရွှင်စေမယ့် အရာတွေ၊ စိတ်သက်သာရမယ့်အရာတွေ လုပ်ပါ။

ဘာမှမလုပ်ပဲမနေပါနဲ့။ ဘာမှမလုပ်ပဲ ထိုင်နေ၊ အိပ်နေရင် တစ်ချိန်လုံးလျှောက်တွေးနေပါလိမ့်မယ်။ ဒါကြောင့် တွေးနေစရာအချိန်မရှိအောင် အလုပ်များများလုပ်ပါ။ အာရုံစိုက်ရတဲ့ အလုပ်မျိုးတွေကို များများလုပ်ပါ။ လူတိုင်း အဆင်ပြေနေတာမှမဟုတ်တာ။ အရာအားလုံး ပြည့်စုံနေရတဲ့သူမျိုး၊ အချိန်တိုင်း စိတ်ညစ်နေရတဲ့ သူမျိုးဆိုတာ မရှိပါဘူးလို့ တွေးပါ။ နည်းနည်းလောက်ပျော်စရာ၊ စိတ်ချမ်းမြေ့စရာလေးနဲ့ ကြုံလိုက်ရင်လည်း များများသာပျော်လိုက်ပါ။ အဓိကက ကိုယ့်စိတ်နဲ့ပဲဆိုင်သလို၊ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ရင် အဆင်ပြေသွားမှာပါ။