လူတိုင်းကတော့ ငွေနဲ့ပတ်သက်ရင် စုမိဆောင်းမိ ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် တကယ်ဖြစ်မြောက်အောင် ငွေစုဖြစ်တဲ့သူနဲ့ စုနည်းဆောင်းနည်း သိတဲ့သူက အတော်လေး နည်းပါတယ်။ ပိုက်ဆံစုတယ်ဆိုတာ Gym ကစားသလိုပါပဲ။

ကျန်းမာရေးအတွက် ကောင်းပေမယ့် ပင်ပန်းတယ် ၊ စိတ်ရှည်ဖို့လည်း လိုပါတယ်။ ဒီတစ်ခါမှာ ပိုက်ဆံစုမိဖို့ သိပ်မခက်တဲ့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်တိုင်လုပ်နိုင်တဲ့အရာအတွက် ငွေကုန်မခံပါနဲ့

ငွေပိုစုမိနိုင်စေဖို့ ကိုယ့်ဘာသာလုပ်လို့ရတဲ့ ကိစ္စတွေမှာ တခြားသူကို ပိုက်ဆံမပေးရအောင် နေထိုင်ပါ။ မီးချောင်းလဲတာ ၊ အိမ်သန့်ရှင်းရေး လုပ်တာ ၊ အဝတ်လျှော်မီးပူတိုက်ကနေ ထမင်းဟင်းချက်တာအထိ ကိုယ့်ဘာသာ လုပ်လို့ရတဲ့ အရာတွေ အများကြီး ရှိပါတယ်။ လူတွေက အမှတ်တမဲ့ဆိုသလို ကိုယ်လုပ်နိုင်တဲ့ ကိစ္စတွေအတွက် သူများကို ပိုက်ဆံပေးနေမိတတ်ပါတယ်။

(၂) ကြွားချင်စိတ်ကို ဖျောက်ပစ်ပါ

လူတွေမှာ တခြားသူ ကိုယ့်ကို အထင်ကြီးစေချင်တဲ့စိတ် ၊ ကိုယ်အထင်ကြီးတဲ့သူတွေလို နေထိုင်ချင်တဲ့စိတ် အနည်းနဲ့အများဆိုသလို ရှိကြစမြဲပါပဲ။ ဒါကြောင့်ပဲ မလိုတာတွေ ဝယ်ပြီး မတန်မရာတွေ အဓိပ္ပါယ်မဲ့ သုံးစွဲမိတတ်ကြပါတယ်။ အကျိုးဆက်ကတော့ ကိုယ်ပဲ ငွေကုန်ကြေးကျ များရပြီး ငွေကြေးအခက်အခဲတွေ့ရတတ်ပါတယ်။

(၃) ပိုက်ဆံမကုန်တဲ့ ပျော်စရာတွေပဲ လုပ်ပါ

ပျော်ရွှင်ဖို့အတွက် ပိုက်ဆံတွေ အများကြီး သုံးစရာမလိုပါဘူး။ ပိုက်ဆံမကုန်တဲ့ ဝါသနာပါတဲ့အရာလေးတွေ (ဥပမာ- စာဖတ်တာ ၊ အပင်စိုက်တာ) လုပ်ပြီးလည်း ပျော်ရွှင်စရာတွေ ရှာဖွေနိုင်ပါတယ်။

နောက်ဆုံး ဂစ်တာလေးခေါက်ပြီး သီချင်းလေး တီးတာ ၊ ပန်းချီထိုင်ဆွဲနေတာ ၊ ကိုယ်နေထိုင်တဲ့ မြို့ထဲက စိတ်ဝင်စားစရာနေရာတွေဆီ စက်ဘီးတစ်စီးနဲ့ လျှောက်သွားတာအထိ ငွေကြေးတပုံတပင် သုံးစရာမလိုဘဲ ပျော်အောင် နေလို့ ရပါတယ်။

(၄) ငွေသုံးစွဲမှု သတိပြုပါ

ပိုက်ဆံစုမိဖို့အတွက် ကိုယ်ရတဲ့ ဝင်ငွေအတိုင်းအဆကို သေသေချာချာ သိဖို့လိုပါတယ်။ ကိုယ့်ဝင်ငွေဟာ သုံးဖို့ချည်းပဲ မဟုတ်ပါဘူး။ မိသားစုဆွေမျိုးတွေကို ထောက်ပံ့ဖို့ ၊ ကိုယ်တိုင် ရင်းနှီးမြှပ်နှံဖို့နဲ့ အနာဂါတ်အတွက် စုဆောင်းသိုမှီးဖို့ပါ ချန်ထားရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးက တစ်လတာ အသုံးစရိတ် ၊ စုငွေနဲ့ အရေးပေါ် ချန်ရမယ့်ပိုက်ဆံရယ်ဆိုပြီး စည်းကမ်းနဲ့ သိမ်းထားဖို့ပါပဲ။