ဝိတ်ကျဖို့ အားကစားတော့ လုပ်ပါရဲ့ အစားအသောက်မထိန်းဘူးဆိုရင်လည်း ဝိတ်ကျနိုင်မှာမဟုတ်ပါဘူ။ လေ့ကျင့်ခန်းလုပ်သလို အစားအသောက်လည်းထိန်းမှသာ နည်းလမ်းမှန်ကန်စွာ ကျန်းမာစွာနဲ့ ဝိတ်ကျနိုင်မှာပါ။

ဒါကြောင့် ဒီနေ့မှာတော့ ဝိတ်ချရာမှာအရေးပါတဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး အကြံပြုချက်တစ်ချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) ပရိုတင်းဓာတ်စားသုံးပါ

ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကို အဓိကအားဖြင့် အသား ငါး ပဲအမျိုးမျိုး ဥအမျိုးမျိုး နွားနို့စတဲ့အရာတွေကနေရရှိနိုင်ပြီး ပရိုတင်းဓာတ်ကခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး အစားစားချင်စိတ်ကိုလျော့ချပေးပါတယ်။ ဒါကြောင့်ဝိတ်ချမယ့်သူတွေရဲ့ တစ်နေ့တာမှာ ပရိုတင်းဓာတ်က မပါမဖြစ်စားသုံးသင့်ပါတယ်။

(၂) မနက်စာကိုသေချာပြင်ဆင်ပါ

ဝိတ်ကျချင်သူတွေအတွက် မနက်စာကအရမ်းအရေးကြီးပါတယ်။ မနက်စာကိုအချိန်မှန်မှန်စားဖို့နဲ့ ဆီကြော်တွေ အဆီများတဲ့အသုပ်တွေ ထမင်းကြော်တွေ စတဲ့အစားအစာတွေစားမယ့်အစား သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာတဲ့ မနက်စာမျိုးကို စားသုံးသင့်ပါတယ်။ မနက်စာမှာ ပရိုတင်းဓာတ်ပါတဲ့ အသားပြုတ် ကြက်ဥပြုတ်လိုအစားအစာတွေက အစာလည်းခံသလို ဝိတ်ကျဖို့လည်းကူညီပေးပါတယ်။

(၃) အဆာပြေကို အသီးအနှံတွေစားပါ

နေ့လည်နေ့ခင်းအချိန်တွေမှာ ဗိုက်ဆာလာပြီဆိုတာနဲ့ စိတ်အလိုလိုက်ပြီး ရယ်ဒီမိတ်မုန့်တွေ ခေါက်ဆွဲခြောက်တွေ Soft Drink တွေလုံးဝမစားသင့်ပါဘူး။ အချိုဓာတ် အငန်ဓာတ်များတဲ့ အစားအစာတွေကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ အစာကြေလွယ်ပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ လက်ဆတ်တဲ့အသီးအနှံတွေကိုသာ စားသုံးပေးသင့်တာဖြစ်ပါတယ်။

(၄) နည်းနည်းနဲ့ များများစားပါ

တစ်ထိုင်တည်း အဝအပြဲစားသုံးခြင်းက ခန္ဓာကိုယ်မှာအဆီတွေများစွာ စုဝေးလာစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ အစားတွေအများကြီးစားလိုက်တဲ့အခါမှာ အစာအိမ်ကလည်း အစာချေဖျက်ဖို့ နှောင့်နှေးသွားမှာဖြစ်သလို အဆီတွေလည်းပိုပိုပြီး စုလာနိုင်ပါတယ်။ ဒါကြောင့် အစားစာတဲ့အခါနည်းနည်းနဲ့ အကြိမ်အရေများများစားပါ။

ဖြစ်နိုင်ရင် ပန်းကန်သေးသေးလေးနဲ့စားတာကောင်းပါတယ်၊ အစားအစာတွေကိုလည်း ကြေညှက်အောင်ဝါးဖို့ လိုအပ်ပါတယ်။ အစားမစာခင် ရေများများသောက်ပါ။ ညစာကိုတော့ ၆ နာရီမတိုင်ခင် စားသုံးတာပိုကောင်းပါတယ်။