အားလုံးပဲမင်္ဂလာပါနော်။ သီချင်းတိုင်းကို စီးမျောလို့ကောင်းအောင် အသံအားကောင်းကောင်းနဲ့ သီဆိုတတ်ကြတဲ့ Mamamoo အဖွဲ့ကိုတော့ Kpop ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ အဖွဲ့ဝင် Solar ဟာဆိုရင် Mamamoo ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အပြင် ၂၀၂၀ ခုနှစ်အတွင်းမှာ ကိုယ်ပိုင်တစ်ကိုယ်တော် အခွေတစ်ခုကိုပါ ထွက်ရှိထားသူဖြစ်ပါတယ်။ သူမရဲ့ နာမည်အရင်းက Kim Yong-Sun ဖြစ်ပြီး Solar အနေနဲ့ လူသိများပါတယ်။ ၁၉၉၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့ အသက် ၃၀ အရွယ် သူမဟာ လက်ရှိမှာ အဆိုတော်၊ Songwriter အပြင် Youtuber တစ်ဦးအနေနဲ့ပါ လုပ်ကိုင်နေပြီး “Solarsido” လို့ခေါ်တဲ့သူမရဲ့ Youtube Channel ဟာဆိုရင် Subscribers ပေါင်း ၃ မီလံယံကျော်အထိ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သူမဟာ Gym ကစားရင်းနဲ့ နှစ်လအတွင်း ကိုယ်တွင်းအဆီ 5kg အထိကျအောင်ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး လက်ရှိ “Solarsido” Channel မှာလည်း ‘Solar Fit’ ဆိုတဲ့အစီအစဉ်နဲ့ သူမလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတွေကို ပရိသတ်တွေပါအတူလိုက်လုပ်နိုင်အောင် မျှဝေပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ Solar လို ကိုယ်တွင်းအဆီကျပြီး အသားကျစ်ချင်တဲ့ ပျိုမေတို့အတွက် သူမပြုလုပ်လေ့ရှိတဲ့ (၅) မိနစ်စာ လေ့ကျင့်ခန်းအကြောင်းကို ပြောပြပေးလိုက်ပါတယ်။

၁။ Side Step Squats


ပထမဆုံးလေ့ကျင့်ခန်းကတော့ Squats အနေအထားနဲ့ တင်ကော့ဒူးကွေးထားပြီး ခြေထောက်တစ်ဖက်ချင်းကို တစ်လှည့်စီဘေးဘက်ထုတ်လိုက် ပြန်စိလိုက် လုပ်ပေးရမှာပါ။ ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရမ်းမလှုပ်မိအောင် ထိန်းထားပေးရပါမယ်။ စက္ကန့် ၂၀ အထိပြုလုပ်ပေးဖို့လိုပါတယ်။

၂။ Burpee Push-ups


ဒိုက်ထိုးပြီး ပြန်ထပေးရမယ့် လေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်။ Push up လုပ်ရတာ ကျင့်သားမရသေးတဲ့သူတွေ အနေနဲ့ နောက်ကျောထိခိုက်မှုမရှိအောင် ဝမ်းဗိုက်ကိုကြမ်းပြင်နဲ့ထိတဲ့အထိ ကွေးပေးပြီးမှ ဖြေးဖြေးချင်းပြန်ထပြီး ပြုလုပ်နိုင်ပါတယ်။ သင့်ဝမ်းဗိုက်အာရုံစိုက်ထားပြီးပြုလုပ်ပေးပါ။ ဒါကိုတော့ ၁၀ စက္ကန့်ခန့်ပြုလုပ်ပေးဖို့ လိုပါတယ်။

၃။ Side Lunges


ခြေထောက်တွေကိုခပ်ကျယ်ကျယ်ကားထားပြီး ဒူးတစ်ဖက်စီကို ရှေ့ဘက်ကွေးပေးရတဲ့ Side Lunges လ့ကျင့်ခန်းကိုလည်း စက္ကန့် ၂၀ ခန့်ပြုလုပ်ပေးဖို့လိုပါတယ်။ ပေါင်အတွင်းသား အကြောပြေလျော့စေပြီး ခန္ဓာကိုယ်အောက်ပိုင်းအဆီတွေကျလာစေဖို့ကူညီပေးပါလိမ့်မယ်။

၄။ Full Sit Up Squats


တစ်ကိုယ်လုံးလှဲချပြီး လက်နဲ့ခြေထောက်တွေကိုမြှောက်ကာ ပြန်ချပြီး တဖြေးဖြေးမတ်တပ်ရပ်ပေးရတဲ့ လေ့ကျင့်ခန်းကလည်း တစ်ကိုယ်လုံးအဆီကျစေဖို့ထိရောက်ပြီး ပုံမှန်ဆယ်စက္ကန့်ခန့်ပြုလုပ်ပေးဖို့လိုပါတယ်။

၅။ Triceps Push-ups


ပုံပါအတိုင်း လက်မောင်းအားကိုအသုံးပြုပြီး Push-up လုပ်ပေးရတဲ့လေ့ကျင့်ခန်းကိုလည်း ဆယ်စက္ကန့်ခန့် ပြုလုပ်ပေးဖို့လိုပါတယ်။ ဒါကသင့်ကို လက်မောင်းအသား အောက်တွဲကျခြင်းကို သက်သာစေပြီး ကျစ်လျစ်လာစေပါလိမ့်မယ်။

၆။ High Knees


ပုံပါအတိုင်း မတ်မတ်ရပ်ထားပြီးနောက် ပြေးနေသလို ဒူးနှစ်ဖက်ကို ခပ်မြန်မြန်မြှောက်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့်သုံးဆယ်ခန့် ဆက်တိုက်ပြုလုပ်ပေးဖို့လိုပါတယ်။

၇။ Arm Walking Plank Push-Ups


မတ်တပ်ရပ်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်ထိကုန်းကာ လက်တွေကို အရှေ့တွားသွားသလို သွားကာ နောက်ဆုံးမှာ ဒိုက်ထိုးပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ဖြေးဖြေးချင်း ခြောက်စက္ကန့်လောက်ပြုလုပ်ပေးဖို့လိုပါတယ်။

၈။ Overhead Squats


နောက်ဆုံးအနေနဲ့ Overhead Squats လေ့ကျင့်ခန်းကို စက္ကန့် ၂၀ ခန့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ အလေးတုံး မ ထားပြီးဖြစ်စေ ဒီအတိုင်း လက်နှစ်ဖက်ကို အပေါ်မြှောက်ထားပြီးဖြစ်စေ Squats အထိုင်အထလုပ်ပေးရမှာပါ။ လက်မြှောက်နေရင်း ခန္ဓာကိုယ်အရှေ့ဘက်ကိုင်းလာတာမျိုး မဖြစ်ရအောင် အပေါ်ပိုင်းကိုအားပြုပြီး တင်းထားဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar