သင့်လက်တွဲဖော်က သင်နဲ့ တွဲနေစဉ်မှာပဲ နောက်တစ်ယောက် ထပ်ထားခြင်း လုပ်ရပ်က သင်တို့ရဲ့ အချစ်ရေးကြား ယုံကြည်မှု ကင်းမဲ့ခြင်း ပြဿနာ ဖြစ်စေနိုင်ပါတယ်။ သင့်လက်တွဲဖော်က သင့်ကို ဘယ်လိုတွေ လိမ်ခဲ့တာလဲ၊ ဘာတွေ ဖြစ်ခဲ့လဲ၊ သူတို့ရဲ့ ဖောက်ပြန်နေတဲ့ ပုံရိပ်တွေကို ခေါင်းထဲ မြင်တာက ဖောက်ပြန်ခံရသူတွေ နာကျင်စွာ ကြုံရမယ့် ဒဏ်ရာ တစ်ခုပါပဲ။ သင်နဲ့ သူ မတွေ့တဲ့အချိန်မှာတောင် သင့်ခေါင်းထဲ အရင်လို မတွေးတော့ဘဲ သူဖောက်ပြန်နေပြီလို့ တစ်ထစ်ချ ထင်မှတ်သွားတဲ့အထိ ဖောက်ပြန်ခြင်းက Relationship တစ်ခုကို ဖျက်ဆီးပစ်နိုင်ပါတယ်။

ဒီတော့ ကိုယ့်အပေါ် ဖောက်ပြန်ခဲ့တဲ့သူကို ပြန်ယုံကြည်ပြီး ပြန်တွဲမလားဆိုတာက အခြေအနေ အကြောင်းအရင်း အမျိုးမျိုးပေါ် မူတည်ပါတယ်။ သူက သင့်ဆီ ပြန်လာချင်တယ်.. သင်ကိုယ်တိုင်ကလည်း သူ့အပေါ် ချစ်တုန်းပဲ ဆိုရင် သင့်အတွက် ဆုံးဖြတ်ရတာ ခက်ခဲနိုင်ပါတယ်။

တချို့ကတော့ “ခြံခုန်တဲ့ နွား ထပ်ခုန်ဦးမှာပဲ”ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဒီ Relationship ကနေ လုံးဝ ထွက်ခွာဖို့ ဆုံးဖြတ်တတ်ကြပါတယ်။ သင်က ဒီ Relationship တစ်ခုကို ပြန်တည်ဆောက်ချင်တယ်ဆိုရင်တော့ ဖောက်ပြန်ခံရပြီးနောက် ယုံကြည်ချက်တစ်ခု ထပ်မံပေါက်ဖွားဖို့ ဖြစ်နိုင်ရဲ့လား ဆိုတာကို သိချင်မှာပါ။

ဒီတော့ ဖောက်ပြန်ခဲ့တဲ့သူကို ပြန်ယုံနိုင်လား။

ဒီလို ပြန်ယုံကြည်ဖို့ ကြိုးစားတဲ့နေရာမှာ သူ့ကို ယုံဖို့ ကြိုးစားတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ကြိုးစားသင့်ပါတယ်။ ဖောက်ပြန်ခဲ့တဲ့သူက ဘယ်လောက်ထိ ရှင်းလင်းပြောဆိုနေပါစေ သင့် ရင်ဘတ်ထဲမှာ တကယ်ကော သူပြောတာကို ယုံနေလား တွေးကြည့်သင့်ပါတယ်။

ဒီလိုတွေးတဲ့နေရာမှာ သင့်ပတ်ဝန်းကျင်၊ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေရဲ့ စကားကို လိုက်နားယောင်စရာ မလိုပါဘူး။ အဓိကက သင့်စိတ်နဲ့ သင့်ရဲ့ ဆဌမ အာရုံပါ။ ဒါကို ယုံကြည်သင့်ပါတယ်။ သူ့ကို ချစ်တဲ့စိတ်နဲ့ ယုံချင်ယောင်ဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ အချက်အလက် ကျကျနဲ့ သူပြောတာ တကယ်ယုံရရဲ့လား ဆိုတာကို သင့်ခေါင်းထဲ၊ သင့်နှလုံးသား၊ သင့်စိတ်ထဲက ရလာတဲ့ အာရုံတစ်ခုနဲ့ ဆန်းစစ်သင့်ပါတယ်။

ဒီလို လုပ်သွားမယ်ဆိုရင်တော့ ဖောက်ပြန်ခဲ့တဲ့သူကို ပြန်လည် ယုံကြည်ဖို့ ဖြစ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar