သင်က သင့်ဆံပင်ကို လုံလောက်တဲ့ ပြုစုမှု ပေးရဲ့လား။ ဆံပင်ဆိုတာက ဂရုစိုက်ရင် ဂရုစိုက်သလို ပြန်ကောင်းကျိုးပေးနိုင်တဲ့ အစိတ်အပိုင်း တစ်မျိုးပါ။ သင့်ဆံပင်ကို ပုံမှန် ဂရုစိုက်ပေးမယ်ဆိုရင် နူးညံ့စိုပြေခြင်းဆိုတဲ့ ကောင်းကျိုးတွေကို ဆံကေသာက ပြန်ပေးနိုင်ပါတယ်။ အခုဖော်ပြပါ အချက်တွေကတော့ ကျန်းမာပြီး စိုပြေတောက်ပတဲ့ ဆံပင်ကို ပိုင်ဆိုင်ဖို့ ရှောင်ရှားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၁။ အဖျားမတိဘဲ မနေပါနဲ့

ခြောက်ပတ်နေ တစ်ခါ ဆံပင်ကို တိပေးမယ်ဆိုရင် ဆံပင်အဖျားနှစ်ခွကို လျော့ပါးစေပါတယ်။ သင်က အဖျားမတိဘဲ ထားတာ ကြာပြီဆိုရင်တော့ ဆံပင်တွေက အရင်လို ထိန်းသိမ်းရ မလွယ်ဘဲ ခက်သွားတတ်ပါတယ်။ ဒါ့အပြင် အဖျားမတိပေးရင် ဆံပင်အရှည်နှေးတာမျိုး ဖြစ်နိုင်တာကြောင့် ပုံမှန် တိပေးသင့်ပါတယ်။

၂။ ခေါင်းခဏခဏ မဖြီးပါနဲ့

ကျွန်မတို့ဟာ အိပ်ခါနီးဆံပင်ဖြီးတတ်သလို အပြင်သွားခါနီးဆိုရင် ဆံပင်ကို ပုံမှန် ဖြီးတတ်ကြပါတယ်။ ဒါပေမဲ့ ဆံပင်ကို ဖြီးတာ များတဲ့အခါ ဦးရေပြားထဲက သဘာဝ အဆီတွေ ဆုံးရှုံးပြီး ဆံပင်ကို ခဏလေးနဲ့ အဆီပြန်စေနိုင်ပါတယ်။

၃။ နေ့တိုင်း ဆံပင်မစည်းပါနဲ့

Ponytail Hairstyle က ပေါ့ပေါ့ပါးပါး စည်းနိုင်တဲ့ ဆံပင်စတိုင်ပါ။ ဒါပေမဲ့ နေ့တိုင်း ဆံပင်စည်းမယ်ဆိုရင် သင့်ဆံသားကို ပျက်စီးစေနိုင်ပြီး ဆံပင်အရှည် နှေးစေနိုင်ပါတယ်။ ပိုကောင်းတဲ့ နည်းလမ်းကတော့ ဆံပင်ကို Bobby Pin နဲ့ ညှပ်ထားတာ၊ ဒါမှမဟုတ် ကလစ်နဲ့ နောက်ပြန် စည်းတာမျိုးပါ။

၄။ နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

နေ့တိုင်း ခေါင်းလျှော်တာက ဦးရေပြားအတွက် မကောင်းပါဘူး။ ရက်ခြားပြီး ခေါင်းလျှော်တာက သဘာဝအဆီတွေကို စုပ်ယူနိုင်ဖို့ အားပေးသလို ဖြစ်ကာ ဆံသား ပိုကျန်းမာ တောက်ပစေပါတယ်။ ဒါပေမဲ့ နေ့တိုင်း ခေါင်းလျှော်မယ်ဆိုရင်တော့ အဆီတွေကို မစုပ်နိုင်ဘဲ ဆံသားခြောက်သွေ့သွားတတ်ပါတယ်။

၅။ ဆံပင်ခဏခဏ ဆေးဆိုးတာ

ဆံပင်အရောင် ခဏခဏ ပြောင်းတာက ပျော်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ခဏခဏ ဆံပင်ဆေးဆိုးတာက အပူပြင်းပြင်းထိလို့ ဆံပင်ပျက်စီးတာထက် ပိုဆိုးပါတယ်။ ဆံပင်ဆိုးပြီးရင် ဒီအရောင်နဲ့ အချိန်အတိုင်းအတာတစ်ခု နေပြီးမှ ထပ်ဆိုးသင့်ပါတယ်။

၆။ ပျော့ဆေး အသုံးများတာ

ဆံပင်ပျော့ဆေးက သင့်ဆံသားကို ပိုလှစေတာ ငြင်းမရတဲ့ အချက်ပါ။ ဒါပေမဲ့ ပျော့ဆေးကို လိုတာထက် ပိုသုံးမယ်ဆိုရင်တော့ ဆံပင်အဆီပြန် မြန်စေနိုင်ပါတယ်။

၇။ Product တွေ အသုံးများတာ

ဆံပင်နဲ့ ပတ်သက်တဲ့ Hair Product တွေ အသုံးများလွန်းရင်လည်း ဦးရေပြား ပိုလေးလံစေနိုင်ပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးပုံစံပဲ Product တွေကို သုံးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar