Hello MyStyle Myanmar ပရိတ်သတ်တို့ရေ။ မနက်ခင်းကို ဘယ်လိုအစပြုဖြစ်သလဲဆိုတာက သင့်ရဲ့တစ်နေ့တာလုံးရဲ့ အခြေအနေကို အဓိကဆုံးဖြတ်ပေးတယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ မနက်ခင်းမှာတင် စိတ်မကြည်သလိုခံစားရတဲ့ရက်မျိုးတွေဆို သင့်ရဲ့တစ်နေ့တာဟာ ကမောက်ကမာတွေနဲ့ အဆင်မပြေမှုတွေပဲ့ ကြုံနေရတာပဲ့လို့ သင် ညည်းညူဖူးတယ်မလား။ မနက်တည်းက နိုးကြားတက်ကြွမှုရှိရင်တော့ သင့်ဘဝရဲ့ အောင်မြင်မှုကလည်း လက်တစ်ကမ်းမှာပါပဲ။ အောက်မှာ ဖော်ပြထားတဲ့ အရာတွေက သင့်ဘဝကို ပိုမိုတိုးတက်စေမှာ အသေအချာပါပဲ။

ဒါကြောင့် နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွစွာ အင်အားအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ မနက်တိုင်းလုပ်ပေးသင့်တဲ့ အရာတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ မနက်စောစောထပါ

မနက်ခင်းစောစောထတာက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ ငှက်လေးတွေတေးဆိုသံ၊ နေထွက်လာတဲ့ရှုခင်းတွေက သင့်စိတ်ကို လန်းဆန်းစေပါတယ်။ သင့်စိတ်တည်ငြိမ်တာကြောင့် တစ်နေ့တာတာဝန်ကို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ မနက်စောစောနိုးတာက သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားရာရောက်ပါတယ်။

၂။ သွားတိုက်စဉ် လျှာကိုပါ တိုက်ပေးပါ

မနက်ပိုင်းသွားတိုက်တဲ့အချိန်မှာ သွားတိုက်တံနဲ့ လျှာကိုတိုက်ပေးတာက ခံတွင်းနံ့ထွက်ခြင်းကို နည်းပါးစေပါတယ်။

၃။ သံပယိုသီးဖျော်ရည်လေးတစ်ခွက်သောက်ပါ

သံပယိုသီးမှာ ဗီတာမင်စီပါဝင်ပြီး သင့်ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေပါတယ်။ သင့်အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ သင်က ဝိတ်ချနေတဲ့သူဆိုရင် ပျားရည်တစ်ဇွန်းကို သံပယိုသီးဖျော်ရည်ထဲ ထည့်သောက်နိုင်ပါတယ်။

၄။ အကြောလျှော့ပါ

မနက်စောစော ငါးမိနစ်လောက် အကြောလျှော့လိုက်တာက သင့်ရဲ့ ခန္ဓာကိုယ်ကိုပေါ့ပါးစေပါတယ်။ အကြောလျှော့ပြီးနောက် သင်လုပ်နေကျ လေ့ကျင့်ခန်းသို့မဟုတ် ရောဂလေ့ကျင့်ခန်းတွေပြုလုပ်နိုင်ပါတယ်။

၅။ ခန္ဓာကိုယ်ကို ဘရပ်ရှ်တိုက်ပါ

ဒီလိုဘရပ်ရှ်တိုက်တာကို Ayurveda ကုထုံးလို့ခေါ်ပါတယ်။ သင့်ခြေထောက်ကနေ အပေါ်နှလုံးရှိရာကို ဘရပ်ရှ်ပါးပါးနဲ့ ပွတ်တိုက်ပေးတာက ကျန်းမာရေးကောင်းစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

၆။ မနက်စာစားပါ

တချို့တွေက မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားတတ်ပါတယ်။ ဝိတ်ချနေတဲ့သူအချို့ကလည်း မနက်စာမစားတတ်ကြပါဘူး။ ဒါတွေဟာ မကောင်းတဲ့အပြုအမူတွေပါ။ မနက်စောစော မနက်စာစားပေးတာက သင့်တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို ခွန်အားရှိရှိလုပ်ဆောင်နိုင်စေပါတယ်။

၇။ သင်ကြိုက်နှစ်သက်တဲ့ တေးဂီတကို နားထောင်ပါ

မနက်ပိုင်းမှာ သင်ကြိုက်တဲ့သီချင်းနဲ့ နိုးထတာက လှပတဲ့နေ့ကို ပိုင်ဆိုင်စေမှာပါ။ နှိုးစက်သီချင်းသံကိုလည်း သင်ကြိုက်တဲ့သီချင်းသံထားနိုင်ပါတယ်။ ဒါပေမဲ့ နှိုးစက်ဆိုတော့ နေ့တိုင်းကြားရမှာမို့ ဒီသီချင်းသံကို မကြားချင်တော့တဲ့အဆင့်ထိ မရောက်ပါစေနဲ့နော်။

၈။ တရားထိုင်ပါ

တရားထိုင်တာက သမာဓိအားကောင်းစေသလို သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ ကိုယ့်အတွင်းစိတ်ကိုလည်း ကြည်လင်စေပါတယ်။

၉။ ကိုယ့်ကိုကိုယ်ပြုံးပြပါ

ခရီးသွား Tourist Guide တွေမှာ ခရီးသွားတွေကို အမြဲပြုံးပြနိုင်ဖို့ အပြုံးလေ့ကျင့်ရပါတယ်။ သင်လည်း ဒီလိုအကျင့်မျိုးမွေးသင့်ပါတယ်။ မနက်တိုင်း သင့်ကိုယ်သင်ပြုံးပြပါ။ သင်ဟာ အကောင်းဆုံး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့လူဆိုတာ အပြည့်အဝခေါင်းထဲထည့်ထားပါ။

၁၀။ အရေးကြီးလုပ်ငန်းသုံးခုကိုရေးပါ

သင်ဟာ အလွန်အလုပ်များတဲ့သူဆိုရင်တော့ အရေးကြီးဆုံးလုပ်စရာ သုံးခုကို ချရေးသင့်ပါတယ်။ ဒီသုံးခုပြီးမှ နောက်အရေးကြီးတာတွေလုပ်ပေးပါ။ အရင်ကထက် ပိုပြီး လုပ်ငန်းဆောင်တာတွေပြီးစီးနိုင်ဖို့အတွက်လည်း ဒီလိုလုပ်စရာသုံးခုချရေးတာက အလေ့အကျင့်ကောင်းတစ်ခုပါ။

ဒီအချက် ၁၀ ချက်ကို ဒီနေ့ကစပြီး လုပ်ကြည့်ပါ။ တစ်ပတ်ပြီး တစ်ပတ် နောက်ဆုံးတစ်နှစ်ကြာပြီးနောက်မှာ သင့်ဘဝအပြောင်းအလဲကြီးပြောင်းလဲလာပါလိမ့်မယ်။