လူတစ်ယောက်အတွက် အိပ်စက်ချိန်လုံလောက်စွာရဖို့ အင်မတန်မှအရေးကြီးတယ်လို့ဆိုပေမယ့် ယနေ့ခေတ်လူမှု့ပတ်ဝန်း ကျင်အနေအထားအရ အိပ်စက်ချိန်လျော့နည်းစေတဲ့အကြောင်းအရင်းတွေများစွာရှိနေပါတယ်။ အိပ်စက်ချိန်လုံလောက်စွာမရတဲ့သူတစ်ယောက်အတွက် နောက်တစ်နေ့မှာ အားအင်ပြည့်ဝစွာနဲ့ နိုးထနိုင်ဖို့ဆိုတာ လွန်စွာခက်ခဲသလို စိတ်ရောကိုယ်ပါမကျန်းမာခြင်းတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ရေးပျက်ခြင်းက လူကို အိုစာစေတဲ့အချက်ကိုတော့ တော်တော်များများက မေ့နေတတ်ကြပါတယ်။

ဒါကြောင့်လူတိုင်းလူတိုင်း တစ်နေ့ကိုအနည်းဆုံး ၇ နာရီခန့် အိပ်စက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒါမှ နောက်တစ်နေ့နိုးထတဲ့အခါ ရွှင်လန်းတက်ကြွနေမှာဖြစ်ပြီး အသားအရေလေးကလည်း ကြည်လင်နေမှာဖြစ်ပါတယ်။ သင် အိပ်စက်အနားယူနေတဲ့အချိန်မှာ အရေပြားဆဲလ်တွေက အားအင်ပြန်လည်ဖြည့်တင်းပေးရတာကြောင့် ၂ နာရီ၊ ၃ နာရီလောက်ပဲ အိပ်စက်ချိန်ရှိမယ်ဆိုရင် ဆဲလ်လေးတွေရဲ့အားဖြည့်ချိန် နည်းပါးသွားတဲ့အတွက်ကြောင့် အရေးအကြောင်းများ၊ ဝက်ခြံများ၊ အသားအရေညစ်နွမ်းခြင်းများ ဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။

အိပ်ရေးဝဝအိပ်စက်ပေးခြင်းက သင့်အသားအရေအလှအပအတွက် ဘယ်လောက်တောင်အကျိုးထူးစေသလဲဆိုတော့…

အရေးအကြောင်းများ ကင်းစင်ခြင်း

အိပ်စက်ခြင်းက ကြီးထွားမှုဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ဖို့အတွက် ခန္ဓာကိုယ်ကို ကူညီအားဖြည့်ပေးပါတယ်။ အထူးသဖြင့် ၈ နာရီကြာ ပြည့်ပြည့်ဝဝ အိပ်စက်မယ်ဆိုရင် ပိုမိုအားဖြည့်ပေးနိုင်ပါတယ်။ ထိုဟော်မုန်းက အသားအရေ တင်းတင်းရင်းရင်းလေးဖြစ်စေတာကြောင့် မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

အသားအရေ ကြည်လင်တောက်ပခြင်း

နေ့ဘက်အချိန်မှာ ဖုန်မှုန့်နဲ့ အညစ်အကြေးဒဏ်၊ ခရမ်းလွန်နေရောင်ခြည်ဒဏ်တို့ကို အရေပြားဆဲလ်က အလူးအလဲခံနေရတာပါ။ ထိုဆဲလ်လေးတွေက နေ့ဘက်မှာ ခံစားရတဲ့ဒဏ်တွေကို ညဘက်အိပ်စက်အနားယူချိန်မှာ ပြန်လည်အားဖြည့်ပြီး အသစ်ပြုပြင်ပေးကြတာပါ။ ဒါ့ကြောင့် နောက်တစ်နေ့ မနက်လင်းတဲ့အခါ အသားအရေလေးက Glow နေချင်တယ်ဆိုရင် အိပ်ရေးဝဝအိပ်စက်ရပါမယ်။

မျက်ကွင်းညိုခြင်းမှ ကာကွယ်ပေးပြီး မျက်ဝန်းများ ကြည်လင်တောက်ပစေခြင်း

“ဟယ်… သူ့မျက်လုံးလေးက လှလိုက်တာ၊ သမင်မျက်လုံးလေး ကျနေတာပဲ” လို့ လူတိုင်းချီးမွမ်းခံချင်ကြပါတယ်။ ဒါပေမဲ့ အိပ်ရေးမဝဘူးဆိုရင်တော့ မျက်လုံးက ပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်နေမှာဖြစ်ပြီး ပန်ဒါမျက်လုံးလို မျက်ကွင်းညိုနေမှာပဲဖြစ်ပါတယ်။ လှပတဲ့ မျက်ဝန်းတစ်စုံပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်လိုက်ပါ။

ဝက်ခြံများရန်မှ ကာကွယ်ပေးခြင်း

ရောင်ရမ်းခြင်းနဲ့ အင်ဆူလင် ခုခံစွမ်းအား တိုးမြှင့်လာတဲ့အချိန်မှာ ဝက်ခြံဖြစ်ပေါ်လာပါတယ်။ ဒီလိုတိုးမြှင့်လာခြင်းက အိပ်စက်လို့မရတဲ့အချိန်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဝက်ခြံများ ပိုမိုဆိုးရွားမလာချင်ဘူးဆိုရင်တော့ အိပ်ရေးဝဝ အိပ်ရပါမယ်။ ဒါ့အပြင် အိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးတာကြောင့် လူလည်း ကျန်းမာနေမှာဖြစ်ပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။ သင် လှဲလျောင်းအိပ်ပျော်နေတဲ့အချိန်မှာ ကမ္ဘာမြေကြီးရဲ့ဆွဲအားက အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ညီညာပြန့်ပြူးသွားစေတာကြောင့် အရွယ်မတိုင်ခင် အိုစာလာခြင်းတို့ကို တားဆီးပေးပါလိမ့်မယ်။

ကျန်းမာရေး ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းလေးများက တဖြည်းဖြည်းပျက်ယွင်းလာပါတယ်။ အသက်ရှင်နေထိုင်ဖို့အတွက် အရေးကြီးတဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံး စတဲ့ အင်္ဂါအစိတ်အပိုင်းလေးများ အားနည်းလာပြီး ရောဂါတွေ တစ်ခုပြီးတစ်ခု ဝင်လာပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်အလေးချိန် တဖြည်းဖြည်းတက်လာပြီး အဝလွန်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒီဆိုးကျိုးတွေရန်မှ ကင်းဝေးချင်တယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်ဖို့ လိုပါတယ်။