အရွယ်ရှိတုန်းမှာ အရေပြားမအိုပါစေနဲ့။ သိပ်မခက်တဲ့ Skin Care နည်းတွေက သင့်အရေပြားကို နုပျိုကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။ အခုပြောမယ့်နည်းတွေက လွယ်ပါတယ်။ မအိပ်ခင်လေး ကောက်လုပ်လိုက်ရုံပါပဲ။
(၁) သန့်ရှင်းတဲ့ ခေါင်းအုံးနဲ့ အိပ်ပါ
ခေါင်းအုံးစွပ်တွေဟာ တစ်နေ့လုံး အဆီတွေ ၊ သင့်အရေပြားက ဆဲလ်သေတွေနဲ့ ညစ်ပတ်နေတတ်ပါတယ်။ ညစ်ပတ်နေတဲ့ ခေါင်းအုံးနဲ့ အိပ်တာက သင့်မှာ အရေပြားပြဿနာတွေ ဝင်ရောက်လာဖို့ လုပ်မိသလိုပါပဲ။ ဒါကြောင့် အိပ်ရာခင်းနဲ့ ခေါင်းအုံးတွေကို သန့်ရှင်းနေအောင် လျှော်ဖွပ်လဲလှယ်ပေးထားပါ။
(၂) မျက်နှာသစ်ပါ
တစ်နေ့လုံး အပြင်မထွက်ဖြစ်တောင် သင့်ရဲ့ အရေပြားမှာ ဖုန်နဲ့ အညစ်အကြေးတွေ စုပုံကပ်ငြိနေတတ်ပါတယ်။ ဒီလို အညစ်အကြေးတွေဟာ လူရဲ့ကိုယ်က ထွက်တဲ့ အဆီနဲ့ ချွေးတွေနဲ့ ရောသွားတဲ့အခါ အရေပြား မွေးညင်းပေါက်မှာ အညစ်အကြေးတွေ ပိတ်ဆို့ကုန်ပြီး ယားယံတာ ၊ ဝက်ခြံပေါက်တာနဲ့ အသားအရေမွဲခြောက်သွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင် မျက်နှာသစ်ပေးပါ။
(၃) ရေသောက်ပါ
အသားအရေကို အစိုဓါတ်ထိန်းဖို့ Night Cream တို့ Moisturizer တို့လို အစိုထိန်းခရမ်တွေ သုံးတာအပြင် တစ်ညလုံးရေဓါတ်ပြည့်နေစေဖို့ မအိပ်ခင် ရေတစ်ခွက်လောက်သောက်ပါ။ ဒီလို ညတိုင်းရေသောက်ပေးပြီး ရေဓါတ်ဖြည့်တဲ့အလေ့အကျင့် ပုံမှန်လုပ်ပေးရင်လည်း အသားအရေစိုပြေနုပျိုလာမှာပါ။
(၄) ကျန်းမာရေးနဲ့ညီတဲ့ ညစာစားပါ
ညဘက်ရောက်မှာ အာလူးကြော်စားတာ ၊ ဘီယာလေး သောက်ပြီး အိပ်တာက သင့်ကိုယ်ခန္ဓာကျန်းမာရေးတင် ထိခိုက်တာ မဟုတ်ဘဲ သင့်အသားအရေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ညအိပ်ခါနီးမှာ ကာဗွန်ဟိုက်ဒရိတ်ပါတာတွေ စားတာ ၊ ယမကာ ၊ သကြား နဲ့ ဆီကြော်စာတွေ စားတာမျိုး ရှောင်ပြီး ပေါ့ပေါ့ပါးပါး အစာကြေလွယ်ပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေ မအိပ်ခင် ၃-၄ နာရီလောက် ခြားပြီး ကြိုစားထားသင့်ပါတယ်။
(၅) ဖုန်းကို ဝေးဝေးထားပါ
စမတ်ဖုန်းတွေက အိပ်ရေးပျက်စေတဲ့အပြင် အသားအရေကိုလည်း အန္တရာယ်ပေးပါတယ်။ ဖုန်းတွေက ထွက်တဲ့ Blue Light ဟာ အရေပြားကို မြန်မြန်ဆန်ဆန် အိုမင်းစေပြီး အသားအရေပျော့တွဲတာတွေကို ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး မျက်လုံးတစ်ဝိုက်က မျက်အိတ်တွေကျတာ ၊ မျက်ကွင်းညိုတာ ၊ မျက်လုံးအရောင်ဖျော့တာတွေလည်း ဖြစ်နိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဟာ အရေပြားကျန်းမာရေးအတွက် အဓိကကျတဲ့အချက်ထဲမှာ ပါတယ်ဆိုတာလည်း သတိရသင့်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီး ဖုန်းမသုံးပါနဲ့လို့ အကြံပြုလိုက်ရပါတယ်။