မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ Dry Skin ပြဿနာကြောင့် Skincare လုပ်တဲ့အခါ ခေါင်းစားနေရတဲ့သူတွေရှိလား။ အသားခြောက်တဲ့သူတွေက အသားပတ်ပြီး အရေပြားတွေ တင်းနေတတ်တဲ့အပြင် စိုစိုပြေပြေမရှိဘဲ အရောင်မွဲခြောက်နေသလိုလည်း မြင်ရတတ်ပါတယ်။ အခုလိုဆောင်းဝင်လာတဲ့ အချိန်မှာဆို ပိုဆိုးပါတယ်နော်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အသားခြောက်တာ သက်သာဖို့ Skincare အနေနဲ့ လုပ်ပေးသင့်တဲ့ ထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုံမှန် Exfoliate လုပ်ပါ

အသားအရေမွဲခြောက်တာသက်သာဖို့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရပါမယ်။ Exfoliate လုပ်ပေးတာက ဆဲလ်သေတွေကိုဖယ်ရှားပေးတဲ့အပြင် ချွေးပေါက်တွေကိုပါ သန့်စင်စေမှာပါ။ နှစ်ပတ်နေရင် တစ်ကြိမ်လောက် ပုံမှန် Exfoliate လုပ်ပေးပါ။ အကြိမ်ရေများများလုပ်မိရင်လည်း အသားပါးပြီး ပိုခြောက်သွားတတ်တာမို့ အလွန်အကျွံ မလုပ်မိအောင်လည်း သတိထားပေးရပါမယ်။

၂။ အစိုဓာတ်လုံလောက်အောင်ပေးပါ

အသားခြောက်တာအတွက် အစိုဓာတ်ပုံမှန်ဖြည့်ဖို့က အရမ်းအရေးကြီးပါတယ်။ အသားခြောက်သူတွေအတွက် ထုတ်ထားတဲ့ Moisturizer ကောင်းကောင်းတွေ ရွေးသုံးပေးပါ။ သဘာဝပစ္စည်းတွေအနေနဲ့ အစိုဓာတ်များများ ဖြည့်ပေးနိုင်တဲ့ ရှားစောင်းလက်ပတ်၊ ပျားရည်နဲ့ Shea Butter တို့နဲ့လုပ်ထားတဲ့ Moisturizer တွေသုံးပေးရင် ပိုကောင်းပါတယ်။

၃။ ရေများများသောက်ပါ

အစိုဓာတ်ပြန်ရအောင်လုပ်နိုင်မယ့် အလွယ်ဆုံးနည်းက ရေသောက်တာပါ။ ဒါကြောင့်မို့ ရေကိုနေ့တိုင်း အနည်းဆုံး ၂လီတာလောက်ပြည့်အောင်သောက်ဖို့ မမေ့သင့်ပါဘူး။ အသားခြောက်တတ်သူတွေက ပိုသတိထားပြီး သောက်သင့်ပါတယ်။

၄။ Oil-Based ဖြစ်တဲ့ အလှကုန်တွေသုံးပါ

အဆီပြန်တဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အသားခြောက်သူတွေက အရေပြားထဲက သဘာဝအဆီအထွက်နည်းတာမို့ အဆီဓာတ်ရအောင် Oil-Based ဖြစ်တဲ့ ပစ္စည်းတွေအသုံးပြုပေးပါ။ အုန်းဆီ၊ Tea Tree အဆီ နဲ့ Jojoba အဆီ စတဲ့ သဘာဝအဆီတွေပါတာမျိုးကို ရွေးသုံးပေးပါ။

၅။ အာနိသင်မပြင်းတဲ့ Product တွေ ဖြစ်ဖို့လိုပါတယ်

အာနိသင်ပြင်းတဲ့ ဓာတုပစ္စည်း၊ Alcohol နဲ့ အနံ့ပါတဲ့ Product တွေက အသားခြောက်တာကို ပိုဆိုးစေမှာပါ။ Sensitive ဖြစ်တတ်တဲ့ Dry Skin အတွက်အဆင်ပြေမယ့် Cleanser နဲ့ Moisturizer အပျော့တွေကို ရွေးသုံးဖို့ အကြံပေးချင်ပါတယ်။

၆။ နေရောင်နဲ့ တိုက်ရိုက်မထိပါနဲ့

နေပူထဲထွက်တာက အသားအရေကိုပိုပြီး ခြောက်သွေ့စေတဲ့အပြင် အရွယ်မတိုင်ခင် အရေးအကြောင်းတွေပါ ထွက်စေပါတယ်။ ဒါကြောင့်မို့ အမြဲ Sunscreen လိမ်းတဲ့အကျင့်လုပ်ထားပါ။ နေပူထဲကို အကာအကွယ်မပါဘဲ မထွက်မိအောင်လည်း သတိထားပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar