မိန်းကလေးတိုင်း လိုချင်တဲ့ အလှတစ်ခုကတော့ မိတ်ကပ်မလိမ်းဘဲ လှတဲ့ အလှပါ။ မိတ်ကပ်လိမ်းရင်တောင် ပေါ့ပေါ့ပါးပါးလေးနဲ့ လိမ်းထားမှန်း မထင်ရတဲ့ ပုံစံမျိုးကို လိုချင်တတ်ကြပါတယ်။ ဒီလို မျက်နှာလေး ပိုင်ဆိုင်ဖို့က အသားအရေကို အဆင့်ဆင့်နဲ့ သေချာ ဂရုစိုက်ပေးမှ အဆင်ပြေမှာပါ။ ကိုယ့်အသားအရေကို လက်ရှိထက် ပိုကောင်းချင်တယ်ဆိုရင်တော့ ဒီအဆင့် (၅) ဆင့်ကို သေချာလိုက်နာဖို့ လိုပါတယ်။

အဆင့် ၁- မနက်ပိုင်း

ပထမဆုံး အဆင့်ကတော့ နိုးနိုးချင်း မနက်ခင်းပါ။ မနက်ခင်းမှာ ပြုလုပ်ရမယ့် အသားအရေထိန်းသိမ်းနည်းအဆင့်တွေကတော့-

  • ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Cleanser နဲ့ မျက်နှာသစ်ပေးရပါမယ်။
  • မျက်နှာသစ်ပြီးနောက် Toner သုံးပေးရပါမယ်။ Toner က ကိုယ့်အသားအရေ pH ကို ထိန်းညှိပေးပါတယ်။
  • တိုနာလိမ်းပြီးနောက် Moisturizer လိမ်းပေးရပါမယ်။ ဒီကြားထဲ Serum, Emulsion, Essence စတဲ့ အဆင့်တွေရှိပေမယ့် သင်က Budget ကိုက်ပြီး Skincare ချင်ရင်တော့ Moisturizer နဲ့တင်လုံလောက်ပါတယ်။
  • မနက်ပိုင်းမှာ အရေးကြီးဆုံး အဆင့်ကတော့ Sunscreen လိမ်းပေးရမှာပါ။ အသက်ကြီးတဲ့ အချိန်ထိ မဖြစ်မနေ လုပ်သွားဖို့ လိုတာက နေလောင်ကာ ခရင်လိမ်းခြင်းပါပဲ။

အဆင့် ၂- ညဘက်

  • သင်က မိတ်ကပ်လိမ်းထားတယ်ဆိုရင်တော့ မအိပ်ခင် မိတ်ကပ်ဖျက်ပေးရပါမယ်။ မျက်နှာကြည်လင်သန့်ရှင်းဖို့က Cleansing Step ကို သေချာလေးလုပ်ပေးမှ အဆင်ပြေမှာပါ။
  • မိတ်ကပ်ဖျက်ပြီးရင်တော့ Cleansing မျက်နှာသစ်ပေးရပါမယ်။ သင်က မိတ်ကပ်ခဏခဏ လိမ်းတတ်သူ ဆိုရင်တော့ Double Cleansing လုပ်ပေးသင့်ပါတယ်။
  • ပြီးနောက် Retinol ပါဝင်တဲ့ Eye Cream ကို လိမ်းပေးရပါမယ်။ အသက် ၂၅ နှစ်က စပြီး Retinol ကို လိမ်းပေးဖို့ လိုပါပြီ။ အရွယ်တင် နုပျိုစေတဲ့ အလှကုန်တွေထဲမှာ Retinol ပါဝင်ပါတယ်။
  • ညဘက်သီးသန့်ထုတ်ထားတဲ့ Moisturizer မျိုးကို လိမ်းအိပ်ပေးရပါမယ်။ Night Time အတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ခရင်တွေက ညအိပ်တဲ့အချိန် ပိုအလုပ်လုပ်ပါတယ်။

အဆင့် ၃- အပတ်တိုင်း

  • နေ့တိုင်းမဟုတ်ဘဲ သုံးရက်ခြား တစ်ခါလောက် ခန္ဓာကိုယ်နဲ့ မျက်နှာကို Exfoliate လုပ်ပေးရပါမယ်။ Exfoliation လုပ်ပေးမှ ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေ ကွာကျပြီး အသားအရေ ပိုကောင်းလာမှာပါ။
  • တစ်ပတ်မှာ တစ်ခါလောက် Face Mask ကပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
  • မျက်နှာ ထိန်းသိမ်းမှုသာမက တစ်ပတ်ပြည့်တိုင်းမှာ ကိုယ်အိပ်တဲ့ ခေါင်းအုံးစွပ်ကို လျှော်ပေးရပါမယ်။

အဆင့် ၄- လတိုင်း

  • သင့်မျက်နှာလေး ကြည်ကြည်လင်လင် ဖြစ်နေဖို့ လတိုင်း မျက်ခုံးရိတ်ပေးသင့်ပါတယ်။
  • ကိုယ့်ရဲ့ အလှကုန် Makeup ပစ္စည်းတွေကို တစ်လတစ်ခါလောက် သန့်ရှင်းပေးရပါမယ်။

အဆင့် ၅- အသားအရေ ကောင်းဖို့ အလေ့အကျင့်များ

  • အသားအရေ ပိုကောင်းလာဖို့ ရေများများသောက်တဲ့ အကျင့်ကို မွေးမြူရပါမယ်။
  • အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်တွေကို မှီဝဲရပါမယ်။
  • နှုတ်ခမ်းကျန်းမာရေးအတွက် Lip Balm သုံးပေးရပါမယ်။
  • အိပ်ရေးဝဝ အိပ်ဖို့ကို ဦးစားပေး အကျင့်အဖြစ် သတ်မှတ်ပြီး ရေနွေးနဲ့ ရေချိုးတာကို ရှောင်ပေးရပါမယ်။

နှစ်စဉ်အနေနဲ့တော့ တစ်နှစ်ပြည့်တိုင်း သက်ဆိုင်ရာ အရေပြား အထူးကု တွေနဲ့ ပုံမှန်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar