သင်က မနက်ပိုင်းတွေ စောစောထပြီး အလုပ်လုပ်ရတာထက် ညဘက်တိတ်ဆိတ်တဲ့အချိန်မှ ဦးနှောက်ထဲက အိုင်ဒီယာပိုထွက်ပြီး အလုပ်လုပ်နိုင်စွမ်းမြင့်လာတတ်တဲ့သူဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲနော်။ ဒီလို ညဉ့်နက်မှ အာရုံပိုစိုက်နိုင်တဲ့ ‘Night Owls’ လေးတွေဟာ ညဘက်ဆို နောက်ကျမှ အိပ်တတ်တဲ့အကျင့် ရှိကြတာမို့ ရေရှည်မှာ အသားအရေကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

ဒီလိုမဖြစ်ရအောင် ညဘက်နောက်ကျတဲ့အထိနေပြီး အလုပ်လုပ်တတ်တဲ့သူတွေမှာ ရှိထားသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသားအရေကို အစိုဓာတ်ကောင်းကောင်းပေးပါ

အိပ်ရေးပျက်တဲ့သူတွေက အသားအရေခြောက်သွေ့လွယ်တာမို့ အစိုဓာတ်ကောင်းကောင်းဖြည့်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ့် Skin Type နဲ့အဆင်ပြေပြီး ထိရောက်တဲ့ Moisturizer ဒါမှမဟုတ် Night Cream လးတွေ ပုံမှန်လိမ်းပေးပါ။ တစ်ညလုံး အသားအရေထဲ အစိုဓာတ်စိမ့်ဝင်နေဖို့ အိပ်ခါနီး Hydrating Mask လေးတွေ ကပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ နောက်တစ်နေ့မနက်အထိ အသားအရေလေး ကြည်နေဖို့ ကူညီပေးမှာပါ။

၂။ ရေများများသောက်ပါ


ရေသောက်တာက အလွယ်ကူဆုံးနဲ့အထိရောက်ဆုံး Skincare နည်းတစ်ခုပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်အောင် ထိန်းထားတာက အိပ်ရေးပျက်တာကြောင့်ဖြစ်တဲ့ မျက်နှာပေါ်က အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင်ရင့်ရော်ခြင်းတွေကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၃။ Eye Cream လေးသုံးပေးပါ

အိပ်ရေးပျက်တာများရင် မျက်အိတ်ဖောင်းပြီး မျက်ကွင်းညိုလာတတ်တာ သဘာဝပါပဲ။ ဒါကြောင့်မို့ နောက်ကျမှအိပ်တတ်တဲ့သူတွေအနေနဲ့ Eye Cream တစ်မျိုးမဖြစ်မနေလိမ်းပေးဖို့ မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့လည်း အဆင်ပြေပြီး စိမ့်ဝင်အားကောင်းတဲ့ Eye Cream တစ်မျိုးပုံမှန်သုံးပေးပါ။

၄။ မိတ်ကပ်တွေစင်အောင် ဖျက်ဖို့မမေ့ပါနဲ့

Skincare အတွက် Cleansing အဆင့်ကလည်း အရေးကြီးတာမို့ မိတ်ကပ်လိမ်းတတ်သူတွေအနေနဲ့ အိပ်ချိန်မတိုင်ခင် မိတ်ကပ်ကို ပြောင်နေအောင်ဖျက်ပေးပါ။ ဘယ်လောက်ပဲအလုပ်များများ ညပိုင်းမှာ မျက်နှာပုံမှန်သစ်ပြီး သန့်စင်ပေးတဲ့ အကျင့်လုပ်ထားဖို့လိုပါတယ်။

၅။ ညမိုးချုပ်မှ သရေစာစားတတ်တဲ့အကျင့်ရှိရင် ပြင်ပါ

ညပိုင်းမှာ အချိုများတဲ့ အသင့်စားသရေစာတွေ စားမိတာက သင့်အသားအရေကိုပါ ထိခိုက်ပြီး ဝက်ခြံနဲ့အရေးအကြောင်းတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်မို့ ညဘက်နောက်ကျမှ သရေစာစားတာမျိုးကို ရှောင်ပါ။

၆။ အကြောလျှော့ Stretch လုပ်ပါ

ညဘက်ပုံမှန် Stretch လုပ်ပေးတာက ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းပြီး အသားကြည်စေတာမို့ သင့်ကို အိပ်ရေးပျက်ထားမှန်း မသိသာအောင် ကူညီပေးမှာပါ။ ဒါ့အပြင် Stress လည်းပြေပြီး ခေါင်းချလိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ပါ ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar