ပျိုမေတို့အနေနဲ့ ဘယ်လိုအခြေအနေမှာမဆို ကိုယ့်ရဲ့နေ့စဉ်အသားအရေ Skincare အတွက် ဦးစားပေးတာက ကောင်းတဲ့အလေ့အကျင့်တစ်ခုပါနော်။ သင့်က တစ်နေ့တာမှာ လေ့ကျင့်ခန်းပုံမှန်လုပ်နေတဲ့သူတစ်ယောက်ဆိုရင် ဒီလိုအချိန်မှာ အသားအရေနဲ့ပတ်သက်လို့ သတိထားသင့်တဲ့အရာတွေကို သိထားဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ လေ့ကျင့်ခန်းမလုပ်ခင်အချိန်နဲ့ လုပ်ပြီးအချိန်တွေမှာ ကိုယ့်အသားအရေ ထိခိုက်မှုမရှိအောင် သတိထားရမယ့် ဆောင်ရန်ရှောင်ရန်နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ဒါတွေကို လိုက်လုပ်ပေးတာက မလိုအပ်တဲ့ အသားအရေပြဿနာတွေကို လျော့ချပြီးသားဖြစ်စေမှာပါ။

လေ့ကျင့်ခန်းမလုပ်ခင် မိတ်ကပ်ဖျက်ပေးပါ


လေ့ကျင့်ခန်းလုပ်တဲ့အချိန် မိတ်ကပ်လိမ်းထားတာက ချွေးနဲ့ပေါင်းပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံထွက်စေပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် မျက်နှာမှာ အညစ်အကြေးတွေ မကျန်ရအောင် အရင်ဆုံးသန့်စင်ပေးပါ။ မိတ်ကပ်ဖျက်ပြီး မျက်နှာပါသစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

အပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်မယ့်သူတွေက Sunscreen လိမ်းထားဖို့လိုပါတယ်


သင်က Gym သွားပြီး (သို့မဟုတ်) Outdoor ထွက်ပြီးလေ့ကျင့်ခန်းလုပ်တတ်တဲ့သူဆိုရင် အသားအရေအတွက် Sunscreen ကိုပါ လိမ်းသွားဖို့မမေ့ပါနဲ့။ လိမ်းထားပြီး စေးကပ်ကပ်မဖြစ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ SPF 50 ပမာဏရှိတဲ့ Sunscreen မျိုးဖြစ်ဖို့လိုပါတယ်။ Cream Type ကိုမှ မိတ်ကပ်သားပါတာတွေကိုတော့ မလိမ်းတာအကောင်းဆုံးပါ။

Exfoliate မလုပ်ထားသင့်ပါဘူး


လေ့ကျင့်ခန်းလုပ်ခါနီးမှာ မျက်နှာကို ချေးချွတ်ထားတာမျိုးလည်း မလုပ်သင့်ပါဘူးနော်။ မျက်နှာကို Exfoliate လုပ်လိုက်တဲ့အခါ အနည်းနဲ့အများ အသားအရေက Sensitive ဖြစ်သွားတတ်တာမို့ ချွေးထွက်လာတဲ့အခါ အသားယားပြီး နီမြန်းလာတာမျိုး ဖြစ်တတ်ပါတယ်။

လက်နဲ့မျက်နှာကို မထိမိပါစေနဲ့


လေ့ကျင့်ခန်းလုပ်ချိန် ချွေးထွက်လို့ မျက်နှာကိုလက်နဲ့ချွေးသုတ်တာမျိုး မလုပ်သင့်ပါဘူးနော်။ လက်က အထူးသဖြင့် ချွေးထွက်နေတဲ့အချိန်မှာ ပြင်ပ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကပ်နေတတ်တာမို့ လက်နဲ့မျက်နှာကို မထိတာအကောင်းဆုံးပါပဲ။

လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးလိုက်ပါ

အသားအရေအဓိုဓာတ်ရနေဖို့လိုတာမို့ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာလည်း မျက်နှာကိုသန့်စင်ပြီး Moisturizer လိမ်းထားဖို့ မမေ့ပါနဲ့နော်။ မျက်နှာအပြင် လည်ပင်းကိုပါ လိမ်းပေးပါ။

ရေများများသောက်ချပါ


လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေသောက်ပေးဖို့လည်း မမေ့ပါနဲ့နော်။ ချွေးထွက်တဲ့အချိန်မျက်နှာ နီမြန်းလာတတ်တဲ့သူတွေအနေနဲ့ ရေသောက်ချပေးလိုက်တဲ့အခါ အချိန်တိုအတွင်း ပုံမှန်အတိုင်းပြန်ဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar