ပေါင်းဆက်ဆံရေးဆိုတာ လူတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။ နေ့စဉ်လူတွေများစွာနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိခြင်းက မည်သည့်ကိစ္စတိုင်းကိုမဆို ပိုမိုလွယ်ကူပြီးမြောက်စေဖို့ ကူညီပေးနိုင်မှာပါ။

ဒါဆို ပေါင်းသင်းဆက်ဆံရေးကောင်းအောင် ဘာတွေလုပ်ရမလဲ။ ပေါင်းတတ်သင်းတတ်သူတွေမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ဟာသဉာဏ်ရှိတယ်

ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသဉာဏ်ရှိခြင်းက လူအများရဲ့စိတ်ကို ဆွဲဆောင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတိုင်း ဟာသဉာဏ်လေးတွေ ကိုယ်စီရှိတတ်ကြပြီး စကားပြောတဲ့အခါ အမြဲဟာသလေးတွေ ရောပြောတတ်ကာ ကိုယ်နဲ့စကားပြောသူတွေ ပျင်းသွားရတယ်ဆိုတာမျိုး လုံးဝမရှိပါဘူး။

(၂) အလိုက်သိတယ်

အလိုက်သိခြင်းဟာ ယဉ်ကျေးခြင်းပါပဲ။ အလိုက်သတိရှိသူဟာ ဘယ်နေရာရောက်ရောက် လူတွေ သဘောကျခံရတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရာမှာ အခြေအနေကို နားလည်မှုရှိရှိနဲ့ ဆက်ဆံတတ်သူကို ဘယ်သူက သဘောမကျဘဲ ရှိပါ့မလဲ။

(၃) စကားပြောကောင်းတယ်

စကားပြောခြင်း အတတ်ပညာဟာ တစ်သက်လုံး အသုံးဝင်တဲ့ ပညာဖြစ်ပါတယ်။ စကားကို ချိုချိုသာသာ ပြောတတ်ဖို့ ၊ ရိုးရိုးသားသား နူးနူးညံ့ညံ့ ပြောတတ်ဖို့က အလွန်အရေးကြီးပါတယ်။ စကားပြောကောင်းခြင်းဆိုတဲ့ အရည်အချင်းထဲမှာ စကားတတ်တာတင် မဟုတ်ဘဲ သမ္မာဝါစာ စကားကောင်းပြောတတ်ဖို့လည်း လိုအပ်ပါတယ်။

(၄) နားထောင်ပေးတယ်

နားထောင်သူကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ လူတွေဟာ သူတို့ရဲ့ စကားကို ဂရုတစိုက် နားထောင်သူမျိုးကို နှစ်သက်ကြပါတယ်။ နားထောင်ခြင်းဟာ လူမှုဆက်ဆံရေးမှာ အရေးကြီးဆုံးသော့ချက်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။