အိမ်ထောင်တစ်ခုထူထောင်တဲ့အခါမှာ ယောကျ်ားလေးရော မိန်းကလေးပါ တာဝန်ဝတ္တရားတွေက ပြည့်နေပါတယ်။ ဘဝခရီးတစ်ခုကိုအတူတူဖြတ်သန်းကြတဲ့အခါမှာ ဦးဆောင်သူယောကျ်ားလေးဟာ အိမ်ဦးနတ်အဖြစ်နဲ့ အိမ်ထောင်ရေးမှာ ခေါင်းဆောင်တစ်ယောက်နေရာကနေ ကြီးမားတဲ့တာဝန်ကို ယူထားရသူဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုသာယာပျော်ရွှင်ဖို့ အိမ်ဦးနတ်တစ်ယောက်မှာ ပြီးပြည့်စုံတဲ့အရည်အချင်းတွေရှိဖို့လိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာ

တစ်ဦးနဲ့တစ်ဦးခိုင်မာတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုဟာ ပြိုကွဲပျက်စီးဖို့ မလွယ်ကူပါဘူး။ ဒီလိုချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ဖို့အတွက် အိမ်ဦးနတ်ရဲ့ ကြင်နာယုယမှု၊ ချစ်ခင်မြတ်နိုးမှုတွေဟာ အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။

သာယာတဲ့အိမ်ထောင်ရေးဆက်ဆံမှု

ခင်ပွန်းကောင်းတစ်ယောက်ဟာ ကိုယ့်ဇနီးကိုချစ်ခင်ဂရုစိုက်တဲ့နေရာမှာ နေ့ခင်းဘက်လူမြင်ကွင်းမှာတင် ဂရုစိုက်နေလို့ မပြီးသေးပါဘူး။ နက်နဲတဲ့နှစ်ဦးသားဆက်ဆံရေးတွေမှာလည်း ဇနီးသည်ရဲ့စိတ်ဆန္ဒကို အလေးထားပြီး ကြင်နာယုယမှုတွေနဲ့အတူ သာယာတဲ့အိမ်ထောင်သည်ဘဝကို တည်တံ့ခိုင်မြဲနိုင်အောင် စွမ်းဆောင်သွားဖို့လည်း လိုအပ်ပါတယ်။

အိမ်ဝေယျာဝစ္စ

စတိုင်ကျပြီးချစ်စရာကောင်းလွန်းတဲ့ ယောကျ်ားတစ်ယောက်ရဲ့အမူအကျင့်တွေထဲမှာ ဇနီးသည်ရဲ့အိမ်မှုကိစ္စတွေကို ကူညီလုပ်ကိုင်ပေးတတ်တဲ့ အကျင့်တစ်ခုပါဝင်ပါတယ်။ ချက်ပြုတ်၊ လျှော်ဖွတ်၊ အိမ်သန့်ရှင်းရေး စတဲ့အိမ်မှုဝေယျဝစ္စတွေကို အချိန်ရရင်ရသလို ကူညီလုပ်ကိုင်ပေးတတ်တဲ့ အိမ်ဦးနတ်တစ်ယောက်ရဲ့အရည်အချင်းဟာ အံ့မခန်းစရာပါပဲ။

ဝင်ငွေရှာဖွေမှု

အိမ်ဦးနတ်တစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့အရည်အချင်းတွေထဲမှာ ဝင်ငွေရှာဖွေပေးနိုင်မှုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ကို တင့်တောင့်တင့်တယ်ရှာဖွေကျွေးမွေးထားနိုင်တဲ့ အရည်အချင်းဟာ တော်ရုံယောကျ်ားတစ်ယောက်အနေနဲ့ ခက်ခဲလွန်းလှပါတယ်။ အရည်အချင်းရှိတဲ့ အိမ်ထောင်ဦးစီးမှာသာ စွမ်းဆောင်နိုင်တဲ့တာဝန်မျိုးပဲဖြစ်ပါတယ်။