၂၀၂၂ အကုန် ၂၀၂၃ အကူးကတည်းက တစ်နှစ်အတွင်း ဘာဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရှိခဲ့မှာပါ။ အခုဆို နှစ်ဝက်တောင် ကျိုးနေပြီး ၂၀၂၄ တောင် ကူးတော့မှာမို့ တစ်ချို့ရည်မှန်းချက်တွေလည်း ပြည့်သလို တစ်ချို့ကိစ္စတွေလည်း မျှော်လင့်သလောက် ခရီးမရောက်တာတွေ ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ဆိုတာ အမြဲတမ်းအတွက် ကောင်းပါတယ်။

နောက်နှစ်တွေမှာလည်း အခုလို Yearly Resolution တွေ ထားမှသာ ကိုယ်ရည်ရွယ်ရာကို ရောက်ဖို့ ပိုပြီး နီးစပ်မှာ ဖြစ်ပါတယ်။ လက်ရှိအလုပ်အကိုင်နဲ့ပဲ ၂၀၂၄ မှာ ငွေပိုရှာနိုင်ဖို့အတွက်တော့ အခုပြောမယ့် နည်းလမ်း ၆ မျိုးကို လိုက်နာဖို့လိုမှာပါ။

(၁) အိုစာမင်းစာ စုထားပါ

ဒီငွေကတော့ သုံးရမယ့် ငွေထဲမှာ မပါပါဘူး။ အမေရိကန်တွေဟာ 401 (K) ဆိုတဲ့ အငြိမ်းစားစုငွေအစီအစဉ် ထားကြပါတယ်။ များသောအားဖြင့် အလုပ်ရှင်ကနေ စုပေးတာပါ။ ငွေကို အကောင့်ထဲကထုတ်မှ အခွန်ခဖြတ်မယ့် စုဆောင်းငွေပုံစံ ဖြစ်ပါတယ်။

(၂) အရေးပေါ် ရန်ပုံငွေထားပါ

တစ်နှစ်တစ်နှစ် ဝင်ငွေထဲက ၃ လကနေ ၆ လစာကို ကျန်းမာရေး ၊ လူမှုရေး စတဲ့ အရေးပေါ် အသုံးစရိတ်တွေအတွက် ထားပါ။ ဒီငွေဟာ တကယ်လို့ အလုပ်ပြုတ်သွားရင်တောင် ကိုယ့်ရပ်တည်မှုကို မထိခိုက်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ဝင်ငွေခိုင်အောင်လုပ်ပါ

ဝန်ထမ်း လစာကို ပုံမှန်လစာအဖြစ် သတ်မှတ်ပြီး ပြင်ပကနေ ငွေရှာတဲ့ အကျင့်လုပ်ထားသင့်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကျွမ်းကျင်ပြီးဖြစ်လို့ အလားတူ အလုပ်တွေကို အလွတ်တန်းအနေနဲ့လည်း လုပ်ပြီး ငွေရှာသင့်ပါတယ်။ ဝန်ထမ်းလစာဟာ တစ်လတာ အသုံးနဲ့ အနည်းအကျဉ်းစုဖို့ ဖြစ်မယ်ဆိုရင် အပြင်အလုပ်ဟာ အနာဂါတ်အတွက် အရင်းအနှီး ဖြစ်လာနိုင်ပါတယ်။

(၄) ရင်းနှီးမြှပ်နှံမှုလေးတွေ လုပ်ပါ

ငွေစုတာ ကောင်းပါတယ်။ စုထားတဲ့ ငွေကို တိုးပွားအောင် လုပ်တာက ပိုကောင်းပါတယ်။ အမြတ်ကြီးကြီးလိုချင်လို့ အတိုးများများ ပေးမိတာမျိုးဟာ သတိထားသင့်ပါတယ်။ အခုနောက်ပိုင်းမှာ လုပ်ငန်းတွေထဲ ငွေပင်ငွေရင်းမြှုပ်နှံခြင်းဟာ ပိုပြီး အမြော်အမြင်ရှိရာ ရောက်ပါတယ်။ Image ကောင်းတဲ့ လုပ်ငန်းတစ်ချို့မှာ ရှယ်ယာထည့်တာမျိုး လုပ်သင့်ပါတယ်။

(၅) အကြွေးတွေကို ရက်အတိအကျနဲ့ ရှင်းပါ

အကြွေးများတာဟာ ကိုယ်ထဲမှာ အပူများနေတဲ့ ဝေဒနာလိုပါပဲ။ စားကောင်းခြင်း မစားရ ၊ အိပ်ကောင်းခြင်းလည်း မအိပ်ရပါဘူး။ အကြွေးတွေကို ဘယ်နေ့ ဘယ်ရက်မှာ အပြတ်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ ဆပ်လိုက်ပါ။ Credit Card သုံးတဲ့ အကျင့် ၊ လွယ်လွယ်နဲ့ ငွေချေးတဲ့ အကျင့်ကို ဖျောက်လိုက်ပါ။ ဒီအကျင့်ကြောင့် ကိုယ်ရှာထားတာတွေ ကုန်သွားနိုင်ပါတယ်။

(၆) အလုပ်ခွင်ထဲမှာ အခွင့်အလမ်းရှာပါ

အလုပ်ကနေ ပုံမှန် လစာပဲ မျှော်လင့်မနေသင့်ပါဘူး။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို မြှင့်ပြီး ဘဝအာမခံချက် ပိုကောင်းတဲ့ နေရာ ၊ အလုပ်နဲ့ လစာကိုရဖို့လည်း ကြိုးစားနေရမှာပါ။ ငွေစုတတ်၊ ငွေစုသင့်သလို ရင်းနှီးမြှုပ်နှံတတ်ပြီး ငွေရှာမယ်ဆိုရင် နောက်နှစ်တွေမှာ ဒီထက်ပိုပြီး ငွေဝင်လာပါလိမ့်မယ်။