မင်္ဂလာပါ ပျိုမေတို့ရေ။ “Touch My Body” သီချင်းနဲ့အတူ Kpop ပရိသတ်တိုင်းက “Summer Queen” လို့ခေါ်ကြတဲ့ SISTAR အဖွဲ့ကိုတော့ ကိုးရီးယားသီချင်းတွေနားထောင်နေကျသူတိုင်း သိကြမှာပါနော်။ SISTAR ရဲ့ အဖွဲ့ဝင်တွေဟာ အခုအချိန်ထိ အချိုးအစားကျပြီး ဆွဲဆောင်မှုရှိတဲ့ Body မျိုးကို ကြိုးစားပြီး ထိန်းထားနိုင်ကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ဒီထဲက အဖွဲ့ဝင် Soyou ဟာဆိုရင် သူမရဲ့ဝိတ်ကို သုံးလအတွင်း ၁၅ ကီလိုအထိကျအောင် ချနိုင်ခဲ့သူတစ်ယောက်ပါ။


အသက် ၃၁ နှစ်ရှိပေမယ့် အရွယ်နဲ့မလိုက်အောင် နုပျိုနေဆဲဖြစ်တဲ့ Soyou က သူမဟာ Foodie လေးဖြစ်တာမို့ ငယ်ငယ်ကတည်းက နည်းမျိုးစုံနဲ့ကြိုးစားပြီး ဝိတ်ထိန်းလာခဲ့သူပါ။ သူမဟာ သူမ ကြိုက်တဲ့အစားအသောက်တွေနဲ့ ဝိတ်ပြန်ထိန်းတဲ့နည်းတွေကို “SOYOUGI” လို့ခေါ်တဲ့ ကိုယ်ပိုင် Youtube Channel ကတစ်ဆင့် ပရိသတ်တွေနဲ့ မျှဝေလေ့ရှိသူဖြစ်ပါတယ်။ သူမလုပ်တဲ့နည်းတွေက စားရတာကြိုက်ပြီး ဝိတ်ပြန်ချဖို့ကြိုးစားနေတဲ့သူတွေ လိုက်လုပ်နိုင်ဖို့ ကွက်တိပဲမို့ Soyou လုပ်လေ့ရှိတဲ့ ဝိတ်ချနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


သူမဟာ ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းကို အဓိကထားလုပ်တဲ့သူပါ။ အလေးတုံးမတဲ့ Weight Training နဲ့ ခန္ဓာကိုယ်ပျော့ပြောင်းစေတဲ့ ယောဂလေ့ကျင့်ခန်းတွေကို အသားပေးလုပ်လေ့ရှိပြီး ယောဂအတွက် တစ်ပတ်နှစ်ရက် (သို့) သုံးရက်နဲ့ Weight Training ကိုတော့ တစ်ပတ်ငါးကြိမ်အချိန်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။


သူမဟာ အဆီပိုတွေမြန်မြန်လောင်ကျွမ်းဖို့ အားတဲ့အချိန်မှာ လမ်းလျှောက်ထွက်တာ၊ ခပ်ရွရွပြေးတာမျိုးပါ ထည့်လုပ်တတ်သူဖြစ်ပြီး လေ့ကျင့်ခန်းကို ညဘက်ထက် မနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာ ပိုလုပ်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။


ဝိတ်ကျဖို့အတွက် Diet ရဲ့အရေးပါမှုကို သိထားတဲ့သူမဟာ ကျန်းမာရေးနဲ့ညီပြီး အဆီနည်းကာ အသားဓာတ်များတဲ့ ကြက်ဥပြုတ်၊ ကြက်ရင်ပုံ၊ ကန်စွန်းဥနဲ့ အသီးအရွက်တွေကို အသားပေးစားတတ်သူပါ။ ညပိုင်းမှာတော့ အသီးအရွက်ကလွဲလို့ မစားသလို အစားတစ်ခုခုမစားခင်မှာ အစာချေဖျက်မှုကောင်းအောင် အကြောလျှော့ပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ဗိုက်အဆာခံတာက ဝိတ်ကျလည်းခဏပဲမို့ ရေရှည်အကျင့်ဖြစ်အောင် သင့်တော်တဲ့ပမာဏအတိုင်း ပုံမှန်စားသင့်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီနည်းတွေကတော့ Soyou ရဲ့ ဝိတ်ချနည်းတွေပါ။ လိုက်လုပ်ရလွယ်တဲ့အပြင် တကယ်တမ်းထိရောက်တာမို့ Try ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Source: Pinterest

By MyStyle Myanmar