အသားခြောက်တယ်ဆိုတာ အရေပြားမှာ ဗီတာမင်ချို့တဲ့လို့ ဖြစ်တာပါ။ အသားအရေ စိုစိုပြေပြေလေးဖြစ်ချင်တဲ့ ပျိုမေတို့အတွက် လိုက်နာဆောင်ရွက်သင့်တဲ့ နည်းလမ်းလေးတွေ လက်ဆောင်ပါးချင်ပါတယ်။

ခက်ခက်ခဲခဲကြီး မဟုတ်ဘဲ ကိုယ်တိုင် လိုက်လုပ်ရလွယ်တဲ့ နေ့စဉ်ပြုမူနေကျ အပြုအမူလေးတွေ အကြောင်းပဲ ပြောပြပေးသွားမှာပါ။

ကိုယ်အသုံးပြုနေတဲ့ မျက်နှာသစ်ဆေးရည်ကို အရင်စစ်ဆေးပါ

နေ့စဉ်မနက်အိပ်ယာနိုးတိုင်း သစ်နေကျ မျက်နှာသစ်ဆေးရည်ကို အရင် စစ်ဆေးသင့်ပါတယ်။ မျက်နှာသစ်ဆေးရည်က Soap Free ဖြစ်နေမှ အသားအရေခြောက်သွေ့မှုနဲ့ အဆီဓာတ် ခမ်းခြောက်မှုတို့ကို ကာကွယ်နိုင်မှာပါ။

Toner ကိုလည်း စစ်ဆေးဖို့ မမေ့ပါနဲ့

လက်ရှိသုံးနေတဲ့ Toner အမျိုးအစားကိုလည်း စစ်ဆေးပါ။ အသားအရေ ခြောက်သွေ့တတ်သူတွေအတွက် အသုံးပြုတဲ့ Toner ဟာ Alcohol Free ဖြစ်နေဖို့ လိုအပ်ပါတယ်။ Toner တွေကိုလည်း ဝယ်မသုံးချင်ဘူးဆိုရင်တော့ ကိုယ့်ဘာသာ ပြုလုပ်နိုင်တဲ့ Toner လုပ်နည်းလေးကို ပြောပြပါမယ်။

နွားနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထဲကို ပျားရည် ၂ စက်လောက်ထည့်ပြီး သဘာဝတိုနာအဖြစ် အသုံးပြုနိုင်ပါတယ်။ Sunscreen ကိုလည်း SPF 30 လောက်ပါတဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူကြပါ။

ခြောက်သွေ့အသားအရည်အတွက် ပေါင်းတင်နည်း

ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးပေါင်းတင်နည်းကတော့ သလဲသီးအစေ့ကို အသုံးပြုပြီး ပေါင်းတင်ခြင်းပါ။ သလဲသီးအစေ့က ခြောက်သွေ့ကြမ်းတမ်းမှုတွေရဲ့ နောက်ဆက်တွဲပြသနာဖြစ်လာမယ့် အရေးကြောင်းနဲ့ ရင့်ရော်မှုတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။

နောက်ပြီး အသားအရေကို နုပျိုစေတဲ့ အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် စီလည်း ပါဝင်ပါတယ်။ သလဲသီးစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ အုတ်ဂျုံမှုန့်အစိမ်းတစ်ခွက် ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ နို့ထောပတ် လက်ဖက်ရည်ဇွန်း ၂ဇွန်းကို သမအောင် ရောမွှေပေးပါ။ ပြီးရင်တော့ မျက်နှာအနှံ့လိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်နိုင်ပါပြီ။