သင်က မကြာသေးခင်ကပဲ သင်နဲ့ ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့ ရည်းစားနဲ့ လမ်းခွဲခဲ့သူလား။ ဘဝမှာ ဘာလို့ လူအမှားတွေနဲ့ပဲ တွေ့နေရတာလဲဆိုပြီး ငြီးတွားနေမိရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဘယ်သူမဆို ရည်းစားထားတယ်ဆိုရင် ကိုယ့်အတွက် ရေရှည်မှာ အတွဲညီပြီး အဆင်ပြေတဲ့သူနဲ့ပဲ ဆုံချင်ကြမှာပါ။ မဟုတ်ရင် ပေးရတဲ့ အချိန်နဲ့ စိတ်ခံစားချက်တွေ တိုက်စားခံရပြီး အလဟဿပါပဲ။ ဒီလိုကြုံဖူးတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူအများစု ကြုံနေရတဲ့ Mr.Wrong ဒုက္ခတွေပါ။

ဒီတစ်ခေါက်မှာတော့ ဒီဒုက္ခတွေကို ထပ်မကြုံရအောင် အတတ်နိုင်ဆုံး ရှောင်ကွင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ကိုယ်လိုချင်တာကို သိအောင် လုပ်ပါ

သင်က ဈေးဝယ်ထွက်တဲ့အချိန်၊ ပစ္စည်းတစ်ခုခု ဝယ်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ပုံစံ ကိုယ်သိပါတယ်။ ဘဝမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေ ချရတဲ့အခါမှာလည်း ဒီလို ကိုယ်လိုချင်တာသိဖို့က အရေးပါ ပါတယ်။ ဒါပေမဲ့ ရည်းစားထားရင်တော့ လုံးဝဥဿုံ ကိုယ်လိုချင်တဲ့ ပုံစံ အပြည့်အစုံတော့ မရနိုင်ပါဘူး။ ဒါပေမဲ့ ရွေးချယ်တဲ့အချိန်မှာ အဓိက ဦးစားပေးသင့်တဲ့ အရာတစ်ခုကတော့ ပြင်ပ လက္ခဏာထက် သင့်ခံစားချက်ကို ဦးစားပေးသင့်ပါတယ်။ ဥပမာ- နောက်တစ်ခေါက် ရည်းစားရွေးတဲ့အခါ ရုပ်ချောတဲ့သူထက် သင့်စိတ်ကို ပျော်အောင် ထားတဲ့သူကို ဦးစားပေးသင့်ပါတယ်။ ရည်းစားထားတဲ့အခါ သူ့ရဲ့ ကောင်းကွက်တွေ၊ အပြုအမူတွေထက် သင့်စိတ်ခံစားချက်ကို ဘယ်လိုသက်ရောက်မှု ရှိလဲ အရင်စဉ်းစားသင့်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ကိုယ့်ခံစားချက်နဲ့ အဆင်ပြေသူ၊ ကိုယ်လိုချင်တဲ့ အရာနဲ့ အများစု ကိုက်ညီတဲ့သူကိုပဲ သင့်ဘဝထဲ ဝင်လာဖို့ လက်ခံသင့်ပါတယ်။

၂။ သင့်အတိတ်ကို ပြန်ကြည့်ပါ

အရင်ဖြစ်ပြီးသားတွေက သတိမပြုရင် ထပ်ဖြစ်တတ်ပါတယ်။ သစ္စာမရှိတဲ့ အမျိုးသားနဲ့ လမ်းခွဲပြီး ထပ်တွဲလိုက်တော့လည်း သစ္စာမရှိတဲ့သူပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ရည်းစားထပ်မထားခင် သင့်အတိတ်ကို အရင် ပြန်ကြည့်သင့်ပါတယ်။ သင့်ရည်းစားဟောင်းတွေမှာ ရှိနေတတ်တဲ့ သင်မကြိုက်တဲ့အရာက ဒီအရာ တစ်ခုတည်းပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လမ်းခွဲပြတ်စဲခြင်းတွေ ဖြစ်ပြီးတိုင်း ဒီလူရဲ့ ကောင်းတာကော ဆိုးတာပါ စာအုပ်တစ်အုပ်ထဲ ချရေးသင့်ပါတယ်။ ဒီလိုဆိုရင် ထပ်တွေ့တဲ့သူမှာ သင်မလိုချင်တာတွေ ထပ်တွေ့လာမလား ပိုသတိထားနိုင်ပါလိမ့်မယ်။

၃။ သင့်သိစိတ်ကို ယုံကြည်ပါ

လူတစ်ယောက်ကို ပြောင်းလဲဖို့ ကြိုးစားတာက အခက်ခဲဆုံး အလုပ်တွေထဲ ပါဝင်ပါတယ်။ သင်က တွဲနေတဲ့ လူတစ်ဦးကို ဘယ်လောက်ပဲ သဘောကျပါစေ သင့်သိစိတ်က အဆင်မပြေနိုင်တော့ဘူးဆိုတာ သိတာနဲ့ ချက်ချင်း ပြန်စဉ်းစားသင့်ပါတယ်။ သင်နဲ့ အဆင်မပြေတာတွေက တစ်ချိန်ချိန် သူ့ဘာသူ ပြန်ပြေသွားမယ်လို့ မတွေးလိုက်ပါနဲ့။ ဒါတွေက နောက်ဆုံးမှာ အစိုင်အခဲအကြီးကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဆီမှာ သင့်အချိန်တွေ ပေးရလွန်းတာမျိုး မဖြစ်လိုက်ရအောင် အရှိန်မလွန်ခင်တည်းက စဉ်းစားသင့်ပါတယ်။

၄။ သင့်သူငယ်ချင်းတွေစကားကို နားထောင်ပါ

သင့်ဘဝမှာ သင့်သူငယ်ချင်းတွေက ဘေးကနေ ဒီလူက သင်နဲ့ အဆင်မပြေဘူးဆိုပြီး သတိပေးတဲ့စကားမျိုး ဘယ်နှစ်ခါ ကြားခဲ့ရဖူးလဲ။ သင်နဲ့ ပေါင်းတာကြာတဲ့ သူငယ်ချင်းမိတ်ဆွေတွေက သင်နဲ့ တွဲနေတဲ့သူဟာ သင်နဲ့ ရေရှည် ကိုက်မကိုက် သူတို့က ပိုနားလည်ကြပါတယ်။ သင့်သူငယ်ချင်းကောင်းတွေက သင့်ကို စိတ်ချမ်းသာစေချင်တဲ့ သူတွေဖြစ်တာကြောင့် သူတို့အကြံပေးတာကိုလည်း နားထောင်သင့်ပါတယ်။

၅။ တစ်ယောက်တည်းဖြစ်ဖို့ မကြောက်ပါနဲ့

ကိုယ့်အပေါ် မကောင်းတဲ့သူတွေကိုပဲ ခဏခဏ တွေ့ရခြင်းရဲ့ အကြောင်းအရင်း တစ်ချက်ကတော့ သင်က တစ်ယောက်တည်း မနေချင်တာကြောင့်ပါ။ တစ်ယောက်တည်း ဖြစ်သွားမှာကို ကြောက်ပြီး ကိုယ့်ရှေ့မှာ လက်ရှိ ရှိနေတဲ့သူကပဲ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ချက်ချင်း ကောက်ချက်ချတတ်ကြပါတယ်။ တစ်ယောက်တည်း ဖြတ်သန်းသွားရမှာကို တွေးပူပြီး ဒီလူ အဆင်ပြေပြေမပြေပြေ လက်ခံလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်ယောက်တည်း ဖြစ်သွားလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ သဘောထားကို ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar