လူတိုင်း လူတိုင်းကတော့ ချစ်ခြင်းမေတ္တာနဲ့ စတင်လိုက်တဲ့ ဆက်ဆံရေးတစ်ခုကို တည်မြဲချင်ကြတာချည်းပါပဲ။ ဒါပေမယ့် လူနှစ်ယောက်‌ ပေါင်းစည်းထားတဲ့ Relationship တစ်ခုက ကိုယ်ထင်သလို ဖြစ်မလာပဲ အဆုံးသတ်မှာ ခွဲခွာရတာလည်း ဖြစ်နိုင်ပါတယ်။

ဆက်ဆံရေးတစ်ခုအတွက် မျှော်လင့်ချက် ကြီးကြီးမားမားရှိထားပြီး ထင်သလိုဖြစ်မလာဘဲ ပျက်စီးသွားတာမျိုး၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တစ်ချိန်က အတူတူ မျှဝေခဲ့တဲ့ ပျော်ရွှင်မှုတွေက ရုတ်တရက် ပျောက်ကွယ်သွားတဲ့အခါ နှလုံးသားဟာ နာကျင်ကြေကွဲရပါတယ်။

တစ်နည်းအားဖြင့် ဒါကို အသည်းကွဲ တယ်လို့ပဲ ဆိုကြပါစို့။ ဒီဆောင်းပါးလေးကတော့ နာကျင်ကြေကွဲနေရတဲ့သူတို့ရဲ့ နှလုံးသားလေးကို ကုစားနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

နာကျင်ကြေကွဲမှုကို လက်ခံပါ

နာကျင်ကြေကွဲမှုကို ခံစားရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်တော့ တုံ့ပြန်ပုံခြင်း မတူပါဘူး။ များသောအားဖြင့် နာကျင်မှုကို လက်မခံနိုင်ဘဲ ကြေကွဲဝမ်းနည်းမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အယ်လ်ကိုဟော အများကြီးသောက်သုံးတာ၊ စိတ်လိုက်မာန်ပါလုပ်တာ၊ စိတ်ကို အလိုလိုက်ပစ်တာ၊ အဆင်သင့် မဖြစ်သေးဘဲ နောက်ထပ် Relationship တစ်ခု စတင်တာ၊ စတာတွေ လုပ်တတ်ကြပါတယ်။ ဒီလိုမလုပ်ပါနဲ့။

ဒီလိုအချက်တွေက နှလုံးသားနာကျင်မှုတွေကို လျော့ပါးမသွားစေဘဲ ပိုပြီးဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် နာကျင်ကြေကွဲမှုကို လက်ခံလိုက်ပါ။ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပြီး အပြည့်အဝ အနားယူလိုက်ပါ။ ဒီလို နာကျင်မှုကို လက်ခံလိုက်ခြင်းဖြင့် အရှိတရားကို နားလည်ပြီး ရှေ့ဆက်ဖို့နည်းလမ်းတွေ တွေ့မြင်လာနိုင်ပါတယ်။

သီချင်းလေးတွေ နားထောင်ပါ

တေးဂီတတွေက စိတ်နှလုံးအာရုံကို လွှမ်းမိုးနိုင်စွမ်းရှိပြီး စိတ်အတွက် ကုထုံးတစ်မျိုးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် နာကျင်ကြေကွဲနေရတဲ့ နှလုံးသားလေးကို ကုစားနိုင်ဖို့ သီချင်းလေးတွေက ကူညီပေးနိုင်ပါတယ်။ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး နာကျင်ကြေကွဲမှုကို တိုက်ဖျက်ဖို့ ခံစားချက်ကောင်းစေတဲ့ သံစဉ်လေးတွေကို နားထောင်လိုက်ပါ။

တေးဂီတတွေမှ ခွန်အားဖြစ်စေတဲ့ နှစ်သိမ့်မှုကို ရရှိစေပြီး စိတ်ခံစားချက်များကို ပြန်လည်ကောင်းမွန်စေပါတယ်။ အသည်းကွဲ ဝေဒနာကို ကုစားပေးနိုင်မယ့် သီချင်းကောင်း အချို့ကတော့

Mr. Brightside – The Killers

Scared to be Lonely (Acoustic version)- Martin Garrix

You Think You Know Somebody – Hunter Hayes

Fight Song– Rachel Platten တို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝါသနာပါရာ တစ်ခုခုကိုလေ့လာပါ

နာကျင်ကြေကွဲမှုကို ကုစားနိုင်မယ့် နောက်ထပ်ကုထုံးတစ်မျိုးကတော့ အာရုံပြောင်းလိုက်ခြင်းပါပဲ။ ဝါသနာပါရာတစ်ခုခုကို ရှာဖွေပြီး ထိုအရာကို လေ့လာပါ။ ဥပမာအားဖြင့် လက်ဝှေ့ကို လေ့လာတာ၊ ပန်းချီဆွဲတာ၊ မြေအိုးပြုလုပ်တာ၊ ဘာသာစကားတစ်ခုခုကို လေ့လာတာ အစရှိသဖြင့် ဝါသနာပါတဲ့ လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်ကြည့်ပါ။

အာရုံကို ဖမ်းစားထားနိုင်တဲ့ အရာတစ်ခုခုကို လုပ်နေခြင်းက ကြေကွဲဝမ်းနည်းမှုကို အထိုက်အလျောက် မေ့လျော့စေပါတယ်။ ဒါ့အပြင် အပြုသဘောဆောင်သော တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း နိုးကြားစေပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

ကိုယ့်ကိုယ်ကို အလေးပေးပြီး ဂရုစိုက်ခြင်းကလည်း ခံစားနေရတဲ့ နာကျင်မှုကို လျော့ပါးသက်သာစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ အိပ်ချိန်ကို ထိန်းညှိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရ ပြည့်ပြည့်ဝဝ စားသောက်တာ စတဲ့ မိမိကိုယ်ကို ဂရုစိုက်တဲ့ အချက်လေးတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာ အတွက်လည်း စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတာလေးတွေ ပြုလုပ်ပေးပါ။