စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကတော့ လူတိုင်းမှာရှိကြတာပါပဲ။ အဓိကကတော့ ဒါတွေကို အံတုနိုင်ဖို့ပါပဲ။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲစိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေရှိနေပါစေ၊ ဘယ်လိုပဲကျရှုံးမှုတွေနဲ့ ကြုံတွေ့နေပါစေ စိတ်ဓာတ်ကိုမြှင့်တင်ပြီး ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေနိုင်မယ့် ရိုးရှင်းသောနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။
ဝါသနာပါတာကိုလုပ်ပါ
ဘဝမှာပျော်ရွှင်ဖို့ စိတ်ချမ်းသာဖို့ဆိုရင် ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတာကို ရဲရဲဝံ့ဝံ့လုပ်ပြီး ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ပါ။ အောင်မြင်သွားရင် ပျော်ရွှင်မှုကိုခံစားပြီး ကျရှုံးသွားရင်လည်း စိတ်ဓာတ်မကျပဲ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို သေချာစဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် ထပ်လုပ်ပါ။ ကြိုးစားမှုတွေ အရာထင်လာပါလိမ့်မယ်။
ကြောက်စိတ်၊ စိုးရိမ်စိတ် မများပါနဲ့
ဘယ်အရာကိုပဲဖြစ်ဖြစ် မလုပ်ရသေးပဲ စိုးရိမ်နေတာမျိုးတွေ မဖြစ်ပါနဲ့။ စိုးရိမ်စိတ်တွေက သင့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးပစ်နိုင်ပါတယ်။ မဖြစ်သေးတာတွေ၊ မလုပ်ရသေးတာတွေကို ကြိုတွေးပြီး စိုးရိမ်နေရင်၊ ကြောက်စိတ်တွေဝင်နေရင် ကိုယ်ပဲ စိတ်ပင်ပန်းရပါတယ်။ ဖြစ်လာမှသာ ရင်ဆိုင်ဖို့စဉ်းစားပါ။ ဒါမှလည်း လက်ရှိပစ္စုပ္ပန်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်မှာပါ။
အပြောအဆိုတွေကိုဂရုမစိုက်ပါနဲ့
ကိုယ်ဘာပဲလုပ်လုပ် အပြစ်မလွတ်အောင် ပြောချင်နေတဲ့လူတွေက ရှိတာပါပဲ။ ဒါတွေကို ဂရုစိုက်နေမယ်ဆိုရင် ကိုယ့်ပျော်ရွှင်ချိန်တွေ လျော့ကုန်တာပဲရှိပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ဖိနှိမ်ပြောဆိုနေတာတွေ၊ လှောင်ပြောင်ကဲ့ရဲ့နေတာတွေကို ကြုံတွေရတဲ့အခါမှာ အားမငယ်ပါနဲ့၊ ဝမ်းမနည်းပါနဲ့။ လူတိုင်းမှာတော့ အားနည်းချက်တစ်ခုစီ ရှိပြီးသားပါ။ ဒါကြောင့် အပြောအဆိုတွေကို ဂရုစိုက်မနေပါနဲ့။
ခရီးသွားပါ
Note ထဲမှာ ကိုယ်သွားချင်တဲ့နေရာလေးတွေကို ချရေးထားပါ။ ပြီးရင် အဲ့အတွက်ပိုက်ဆံစုပြီး ရအောင်သွားပါ။ ခရီးခဏခဏသွားတာက စိတ်ကိုပျော်ရွှင်မှုပေးစွမ်းနိုင်ပြီး စိတ်သစ်လူသစ်ဖြစ်စေတယ်၊ အတွေ့အကြုံတွေ၊ ပျော်ရွှင်မှုတွေ ရစေပါတယ်။
ချစ်ရတဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲနေပါ
ကိုယ်ချစ်ရတဲ့၊ တန်ဖိုးထားရတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ စိတ်ညစ်စရာတွေကို မျှဝေခံစားပြီး၊ ပျော်စရာတွေကိုလည်း အတူတူမျှဝေပြီး ပျော်ရွှင်ပါ။ ကိုယ့်ရဲ့စိတ်ရင်းမှန်၊ ခံစားချက်အမှန်တွေကိုလည်း ကိုယ်ချစ်ရသူတွေမြင်အောင် ထုတ်ပြပါ။ Toxic ဖြစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေပြီး ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲနေပါ။