ကိုယ့်ပျော်ရွှင်မှုကို သူများဆီမှာပုံအပ်မထားပဲ ကိုယ်တိုင်ရှာဖွေတာ၊ ကိုယ်တိုင်လုပ်ယူတာ အကောင်းဆုံးပါ။ ပိုစိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။ လူတိုင်းကတော့ ပျော်ရွှင်ချင်ကြတာချည်းပါပဲ။ ဒီလို များများပျော်ရွှင်နိုင်ဖို့အတွက် ကိုယ်တိုင်လုပ်ဆောင်ရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။
အများကြီးမနှိုင်းယှဉ်ပါနဲ့
အရာရာကိုလိုက်နှိုင်းယှဉ်နေရင် ကိုယ်ပဲစိတ်ဓာတ်ကျပြီး စိတ်ညစ်ရပါမယ်။ များများနှိုင်းယှဉ်ရင် များများစိတ်ညစ်ရပါမယ်။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို ကျေနပ်ပါ။ လက်ခံပါ။ ကြိုးစားရင် ဒီထက်ပိုကောင်းလာပါလိမ့်မယ်။ တခြားသူနဲ့ ကိုယ့်ကိုယ်ကိုလိုက်နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်ပါစေနဲ့။
များများပြုံးရယ်ပါ
ဘာတွေပဲဖြစ်ဖြစ် အတွေးမများပဲ စိတ်ပေါ့ပါးစွာနဲ့နေနိုင်အောင် ကြိုးစားပြီး များများပြုံးရယ်ပါ။ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေဆို အရမ်းမတွေးပဲ မြန်မြန်မေ့ပစ်နိုင်အောင် ကြိုးစားပါ။ ပျော်စရာတွေရှိရင် များများပျော်ပြီး ပြုံးရယ်နေလိုက်ပါ။
ကျန်းမာအောင်နေထိုင်ပါ
ငွေကြေးပြည့်စုံနေလည်း၊ အရာရာအဆင်ပြေနေလည်း ကျန်းမာရေးမကောင်းရင် အပြည့်အဝမပျော်ရွှင်ရပါဘူး။ ဒါကြောင့် ကျန်းမာအောင်နေထိုင်ပါ။ အစားအသောက်ကို သေချာစားပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။
Toxic people တွေနဲ့ဝေးဝေးနေပါ
စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေနည်းပြီး စိတ်ချမ်းသာပျော်ရွှင်ချင်ရင် Toxic people တွေနဲ့ဝေးဝေးနေပြီး ကိုယ့်အပေါ်ကောင်းတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ နေထိုင်ပါ။
ဖြစ်လာမယ့်အရာတွေကိုမကြောက်ပါနဲ့
မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပြီးကြောက်နေတာ၊ စိုးရိမ်နေတာမျိုး မဖြစ်ပါနဲ့။ ဖြစ်လာမယ့်အရာတွေကို အကောင်းဆုံးရင်ဆိုင်ဖို့ပဲ ကြိုပြင်ဆင်ပါ။ အရာရာအဆင်ပြေသွားမှာမို့ အတွေးများပြီး ကြိုတွေးပြီး ကြောက်နေရင်၊ စိုးရိမ်ပူပန်နေရင် ကိုယ်ပဲမပျော်ရွှင်နိုင် ဖြစ်မှာပါ။
ကိုယ့်ကိုယ်ကိုချစ်ပါ
ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ်ပျော်ရွှင်မယ့်အရာ၊ စိတ်ချမ်းသာမယ့်အရာတွေကို လုပ်ဆောင်ပါ။
အခြားသူတွေကိုကူညီပါ
အခြားသူတွေ၊ အကူအညီလိုနေတဲ့သူတွေ၊ အဆင်မပြေတဲ့သူတွေကို ကူညီပေးလိုက်ရတာက ပီတိဖြစ်ပြီး စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။
photo source:www.freepik.com