ပိုက်ဆံမရှိလို့ မစုဖြစ်တာမျိုးမဟုတ်ပဲ သုံးရတာမလောက်လို့ မစုဖြစ်တာမျိုးဆိုရင်တော့ ပိုက်ဆံစုဖို့ အမြဲခက်ခဲနေမှာပါ။ ဝင်ငွေတွေတိုးလာလည်း အသုံးစရိတ်တွေပဲ ပိုတိုးလာပြီး ပိုက်ဆံစုဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုက်ဆံမစုဖြစ်တဲ့သူတွေအတွက် ပိုက်ဆံစုဖြစ်လာအောင် ကူညီပေးမယ့် ရိုးရှင်းသောနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကုန်ကျစရိတ်တွေကိုမှတ်ထားပါ

အရေးကြီးတာက တစ်နေ့တာ ကိုယ်သုံးတဲ့စရိတ်တွေ၊ ဝယ်တဲ့ ကုန်ကျစရိတ်တွေ၊ ထွက်ငွေတွေ အားလုံးကို စာရင်းနဲ့သေချာမှတ်ထားပါ။ ဒီလိုမှတ်ထားမှ ကိုယ်ဘယ်လောက်သုံးလိုက်မိလဲ၊ ဘယ်အရာတွေအတွက် ပိုက်ဆံထုတ်သုံးမိလဲဆိုတာကို သိရမှာပါ။ ပိုက်ဆံတွေကုန်သွားပေမယ့် ဘာမှလည်းအဖတ်မတင်ဘူး၊ ဘာသုံးလို့ကုန်သွားမှန်းတောင် မသိတော့ဘူးဆိုတာက ကုန်ကျစရိတ်တွေကို သေချာစာရင်းမမှတ်ထားလို့ပါပဲ။ မှတ်ထားမှလည်း ဆင်ခြင်သင့်တာ၊ လျှော့သုံးသင့်တာတွေကို သုံးလို့ရမှာပါ။

ချွေတာရေးစတင်ပါ

ပိုက်ဆံစုဖြစ်ဖို့အတွက် နောက်ထပ်လုပ်ဆောင်ရမယ့် အရေးကြီးတဲ့အရာကတော့ ချွေတာရေးစတင်ဖို့ပါပဲ။ ခဏခဏ အပြင်ထွက်မုန့်စားဖြစ်တယ်ဆိုရင် အခုကစပြီး နှစ်ပတ်တစ်ခါလောက်ပဲ အပြင်ထွက်မုန့်စားပါ။ အဝတ်အစား၊ အသုံးအဆောင် အားလုံး မလိုတာတွေမဝယ်ပါနဲ့တော့။ ရှိတာကို စည်းကမ်းရှိရှိသုံးပြီး အပိုငွေမထွက်အောင် ချွေတာရပါမယ်။

ငွေစုမယ့် Goal ထားပါ

တစ်လမှာ ဘယ်လောက်ရအောင်စုမယ်ဆိုတာမျိုး သတ်မှတ်ထားပါ။ ကြီးကြီးမားမား ကိုယ်လိုချင်တာရှိရင် အဲ့အတာအတွက် သီးသန့်ဖယ်ပြီး စုထားပါ။ ဥပမာ တစ်နှစ်အတွင်းဝယ်နိုင်ရမယ်ဆိုပြီး Target ထား စုတာမျိုး လုပ်ပေးပါ။

ထပ်ခါထပ်ခါစဉ်းစားပါ

ပိုက်ဆံကုန်မယ့်အရာ တစ်ခုခုလုပ်တော့မယ်ဆိုရင် ချက်ချင်းမလုပ်ပါနဲ့။ အချိန်ယူပြီး ထပ်ခါထပ်ခါစဉ်းစားပါ။ စဉ်းစားလွန်းရင် မဝယ်ဖြစ်တော့တာ များပါတယ်။ ဒါကြောင့် ချက်ချင်းမဝယ်ပဲ စဉ်းစားပါ။ တစ်ခုခုလိုချင်ပြီဆိုရင် ဒီအရာက လိုချင်တာလား၊ မဖြစ်မနေလိုအပ်တာလား ပြန်စဉ်းစားပါ။ မဖြစ်မနေလိုအပ်တာမဟုတ်ပဲ မဝယ်မိအောင် ကြိုးစားကြည့်ပါ။

စုငွေတွေတိုးလာတာကိုအမြဲ Check လုပ်ပါ

ကိုယ်စုထားတဲ့ငွေတွေကို အမြဲတမ်း Check လုပ်နေပါ။ စုထားတဲ့ပမာဏတိုးလာလေ ပိုပြီးတော့ ပိုက်ဆံစုဖို့ Moti ရလာလေပါပဲ။ ပိုပြီးတော့လည်း ပိုက်ဆံများများစုချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။