မိန်းကလေးတိုင်းကတော့ အမြဲတမ်း လှချင်ကြတာပါပဲ။ ဒီလို အမြဲလှနေဖို့ဆိုတာလည်း ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် အမြဲတမ်းလှနေအောင် နေ့စဉ်ပုံမှန်လုပ်ပေးရမယ့် ရိုးရှင်းသောအရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

အမြဲပြုံးနေပါ

အချိန်တိုင်းဆူပုပ်နေရင် ကိုယ့်ကိုယ်ကိုမလှဘူးလို့ ထင်ပါလိမ့်မယ်။ သူများအမြင်မှာလည်း တစ်မျိုးဖြစ်နေပါလိမ့်မယ်။ ရုပ်မလှရင်တောင်မှ အမြဲတမ်းပြုံးရွှင်ပြီး မျက်နှာလေးချိုနေရင် လူချစ်လူခင်ပေါပြီး အကြည်ဓာတ်လေး ရစေပါတယ်။ အမြဲပြုံးနေတဲ့သူက ဘာမှမပြင်ဆင်ပဲနဲ့တောင် သဘာဝအတိုင်းလေး ကျက်သရေရှိပြီး လှနေပါတယ်။

စိတ်ကိုကြည်အောင်ထားပါ

စိတ်ရှုပ်ပြီး တစ်ချိန်လုံး စိတ်မကြည်ဖြစ်နေရင် လူကထိုင်းမှိုင်းပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မကောင်းပဲမြင်နေပြီး လှအောင်ဘယ်လိုနေရမလဲ မသိတော့ပါဘူး။ တစ်ခုခုဆို ငါမလှဘူး၊ သူများတွေလိုမလှဘူးဆိုပြီး လျှောက်တွေးနေမိတတ်ပါတယ်။ ဒါကြောင့် အမြဲတမ်း စိတ်ကြည်အောင်ထားပြီး ကိုယ့်ကိုယ်ကိုအကောင်းမြင်ရင် အမြဲလှပနေမှာပါပဲ။ သူများစိတ်ထဲလှနေဖို့ထက် ကိုယ့်အတွက်ကိုယ် လှတယ်လို့ထင်နေဖို့က ပိုအရေးကြီးပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုတိုးလာမှာပါ။

သပ်သပ်ရပ်ရပ်ဝတ်စားပါ

ဖက်ရှင်တွေမထပ်အောင်ဝတ်စရာ၊ ဈေးကြီးတာတွေပဲ ရွေးဝယ်စရာ လုံးဝမလိုပါဘူး။ ရှိတာလေးနဲ့ ဈေးသင့်တင့်တာလေးတွေနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်စားဆင်ယင်မယ်၊ ကိုယ်နဲ့လိုက်ဖက်တာလေးတွေကို ဝတ်မယ်ဆိုရင် လှနေတာပါပဲ။

အမြဲတမ်းပြင်ပြင်ဆင်ဆင်နေပါ

မပြင်မဆင်နဲ့နေရင် ကိုယ့်ကိုယ်ကိုမလှဘူးလို့ ထင်နေတတ်ပါတယ်။ အမြဲမိတ်ကပ်လိမ်းမှ ပြင်ဆင်တာမဟုတ်ပါဘူး။ ကိုယ့်အသားအရေကို သေချာဂရုစိုက်ပြီး အပြင်သွားရင် မိတ်ကပ်ပါးပါးလေးနဲ့ ပြင်ဆင်ပြီးလှအောင်နေတာမျိုးပါ။

အစားအသောက်အနေအထိုင်ဂရုစိုက်ပါ

အစားအသောက်ကို အဆီအစိမ့်တွေ လျှော့စားပြီး အသီးအရွက်၊ အသီးအနှံများများစားပါ။ ရေများများသောက်ပါ။ ကိုယ်ရည်စစ်ပြီး အသားအရေလှလာပါလိမ့်မယ်။ အထိုင်များရင် ဝိတ်တက်၊ အဆီတက်လာပါမယ်။ ဒါကြောင့် လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့ မမေ့ပါနဲ့။

တစ်ကိုယ်ရည်သန့်ရှင်းမှု

တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် ဘယ်လောက်ပဲအလှတွေပြင်ထားပါစေ အဆင်မပြေပါဘူး။ လူတစ်ယောက်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုက သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့် အမြဲတမ်းလှနေချင်ရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။