မင်္ဂလာပါ…. ပျိုမဒီတို့ရေ… ရေမွှေးမကြိုက်တဲ့ မိန်းကလေးဆိုတာ ခပ်ရှားရှားဖြစ်မယ်ထင်ပါတယ်နော်။

အကြိုက်ဆုံးရေမွှေးတစ်ပုလင်းဝယ်ထားတာဘဲဖြစ်ဖြစ် ရေမွှေးကြိုက်လို့ စုတတ်တဲ့လူဘဲဖြစ်ဖြစ် ဝယ်ထားပြီးရင်တော့ အနံ့ကိုတတ်နိုင်သမျှ ကြာရှည်ခံစေချင်ကြပါတယ်။

ရှာရခက်တဲ့ ရေမွှေးပုလင်းပဲဖြစ်ဖြစ် ရာသီအသစ် ထုတ်ကုန်ပဲဖြစ်ဖြစ် ရေမွှေးတွေကို သူတို့ရဲ့ မူရင်းရနံ့တွေ မပျောက်ပျက်သွားအောင် ဂရုတစိုက် သိမ်းဆည်းထားဖို့ လိုပါတယ်။ ဒီတော့ ရေမွှေးတွေကို သိမ်းတဲ့အခါ အနံ့မပျောက်ဘဲ‌ ကြာရှည်ခံအောင် ဘယ်လိုသိမ်းရမလဲဆိုတဲ့ အချက်လေးတွေကို ဝေမျှလိုက်ပါတယ်နော်။

မှောင်တဲ့နေရာမှာထားပါ

တိုက်ရိုက်ကျနေတဲ့ နေရောင်ခြည်ကို ရှောင်ပါ။ ‌နေရောင်ခြည်က ရေမွှေးကို မြန်မြန်ပျက်စီးစေပြီး အချိန်ကြာလာတာနဲ့အမျှ အနံ့လည်းပျယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးပုလင်းတွေကို သိမ်းတဲ့အခါ ဗီရိုလို ပိုမှောင်တဲ့နေရာကို ရွေးပါ။ ပိုမှောင်လေ ပိုကောင်းလေပါပဲ။

အေးတဲ့နေရာမှာထားပါ

ရေမွှေးတွေကို အပူများတဲ့နေရာတွေမှာ ထားခြင်းကနေ ရှောင်ကြဥ်ပါ။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ သိမ်းစရာတော့ မလိုပါဘူး။ တချို့လူတွေက ရေမွှေးတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုသိမ်းချင်ရင်တော့ ထောပတ် ဒါမှမဟုတ် ဒိန်ခဲလို အမွှေးအကြိုင်တွေကို စုပ်ယူနိုင်တဲ့ အစားအစာတွေနဲ့ ဝေးဝေးထားပါ။

ခြောက်သွေ့တဲ့နေရာမှာထားပါ

တချို့က ရေချိုးခန်းထဲမှာ ရေမွှေးကိုထားတတ်ကြပါတယ်။ တကယ်တော့စိုထိုင်းဆက ရေမွှေးကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးခန်းထဲမှာ ရေမွှေးပုလင်းထားတာမျိုး သိမ်းတာမျိုးတော့ မလုပ်ဖို့ အကြံပြုချင်ပါတယ်။

ဂရုတစိုက်သယ်ပါ

ရေမွှေးဝယ်တဲ့အခါ တတ်နိုင်သမျှ လေလုံတဲ့ Spray Bottles နဲ့ ရေမွှေးများကို ဝယ်ပါ။ လေနဲ့ထိတွေ့ရင် အချိန်ကြာလာတာနဲ့အမျှ အနံ့ပျယ်တတ်တာကြောင့် မကြာမကြာဖြန်းရတာ ကြိုက်တယ်ဆိုရင် လက်ကိုင်အိတ်ထဲ သယ်သွားနိုင်တဲ့ ခရီးဆောင်အရွယ်ပုလင်းတွေ ဆောင်ထားသင့်ပါတယ်။

အဖုံးပိတ်ပါ

ရေမွှေးသုံးပြီးတိုင်း အဖုံးပြန်ပိတ်ဖို့မမေ့ပါနဲ့။