ဘဝမှာ အထီးကျန်ခြင်းဝေဒနာကို တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ခံစားရတတ်ပါတယ်။ မိမိဘေးမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ခံစားနေရချိန်၊ ရေခြား မြေခြားမှာ မိသားစုနဲ့ခွဲပြီး အလုပ်သွားလုပ်နေရချိန်၊ ချစ်သူနဲ့ လမ်းခွဲစအချိန် စတဲ့အချိန်တွေမှာ အထီးကျန်ခြင်းကို ပိုမိုခံစားရပါတယ်။

ကျောင်းစာတွေမှာ အမှတ်မကောင်းတာမျိုး၊ မိမိလိုချင်တဲ့အလုပ် မရတာမျိုး၊ အလုပ်အင်တာဗျူးမအောင်မြင်ခြင်း စတဲ့အချက်တွေကလည်း စိတ်ဓာတ်ကျ အထီးကျန်စေတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။

ဘယ်လိုအခက်အခဲတွေ အထီးကျန်ခြင်းတွေနဲ့ ရင်ဆိုင်နေရပါစေ ထိုအရာတွေက ခဏတဖြုတ်ရင်ဆိုင်ရတာပါ။ သင့်အနေနဲ့ အရမ်းကြီးအထီးကျန်ဆန်လာပြီ၊ မခံစားနိုင်တော့ဘူးဆိုရင်တော့ အထီးကျန်ခြင်းကို တိုက်ဖျက်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့်အချက်များကို ကျင့်သုံးနိုင်ပါတယ်။

တစ်ယောက်တည်း မျိုသိပ်မထားပါနဲ့

မိမိခံစားရတဲ့ဝေဒနာကို တစ်ယောက်တည်းမျိုသိပ်ထားတတ်သူတွေက စိတ်ကျဝေဒနာ ခံစားရလေ့ရှိပါတယ်။ အထီးကျန်ခြင်းနောက်မှာ စိတ်ကျရောဂါက ကပ်လိုက်လာတတ်တာကြောင့် သင့်မှာ စိတ်ညစ်စရာတစ်ခုခုရှိတဲ့အခါ မိမိယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေ ချစ်သူခင်သူတွေကို ရင်ဖွင့်ကြည့်လိုက်ပါ။

မိမိကိုယ်ကို ကြင်နာပါ

လူအများစုက မိမိကိုယ်ကို ချစ်ဖို့ ကြင်နာဖို့ မေ့နေတတ်ကြပါတယ်။ မိမိမျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမျိုးမှာ မိမိကိုယ်ကို အပြစ်တင်လေ့ရှိတတ်ကြပါတယ်။ ထိုအကျင့်က မကောင်းတဲ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ နေ့ရက်တိုင်းမှာ မိမိကိုယ်ကို မိမိချီးမွမ်းဖို့မမေ့ပါနဲ့။ ထိုကဲ့သို့ ချီးမွမ်းခြင်းကလည်း ကိုယ့်ကိုယ်ကို ချစ်နည်းတစ်မျိုးပဲဖြစ်ပါတယ်။

လူသားတိုင်းမှာ မတူညီတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတယ်ဆိုတာကို သတိရပါ

ကမ္ဘာပေါ်မှာ မိမိရဲ့ပြဿနာကသာ အကြီးမားဆုံး၊ အခက်ခဲဆုံးလို့ မထင်လိုက်ပါနဲ့။ ဘဝမှာ လူသားတိုင်းက မတူညီတဲ့ပုစ္ဆာတွေကို အဖြေရှာနေရသူချည်းပါပဲ။ ဒါ့ကြောင့် အခက်ခဲတွေနဲ့ ရင်ဆိုင်ရတိုင်း ငြီးတွားမနေဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်ဖြေရှင်းလိုက်ပါ။

တရားထိုင်ပါ

တရားထိုင်ခြင်း၊ ဆုတောင်းခြင်းတို့က စိတ်ငြိမ်အောင် ကူညီပေးပြီး မကောင်းတဲ့အတွေးတွေ ဝင်ရောက်မလာအောင် အထီးကျန်ဆန်ခြင်းကို တိုက်ထုတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ စိတ်ငြိမ်သွားတဲ့အခါ ဘယ်အရာ ပြုလုပ်သင့်သလဲဆိုတဲ့အဖြေကို သိရှိသွားပါလိမ့်မယ်။

မိမိကိုယ်ကို ခိုင်းပါ

အတွေးပေါင်း သောင်းခြောက်ထောင်က ဘယ်လိုအချိန်တွေမှာ ဝင်လာတတ်လဲဆိုရင် ဘာမှလုပ်စရာမရှိတဲ့အချိန်မျိုး အားလပ်နေတဲ့အချိန်မျိုးမှာ ဝင်လာတတ်ပါတယ်။ မိမိကိုယ်ကို ခိုင်းခြင်းဆိုတာက အလုပ်တွေ တရစပ်လုပ်နေရတာမျိုးမဟုတ်ဘဲ စာအုပ်ဖတ်တာမျိုး၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပွဲစားထွက်တာမျိုး၊ ဘာသာစကားအသစ် သင်ယူလေ့လာတာမျိုး စတဲ့နည်းလမ်းတွေနဲ့လည်း အပန်းဖြေအနားယူရင်း အထီးကျန်မှုကို အောင်မြင်စွာကျော်လွှားနိုင်ပါတယ်။

Source: Lifehacks.io

By MyStyle Myanmar