အသားအရေလေး ကြည်တောက် စိုဝင်းဝင်းဖြစ်နေစေဖို့က အမျိုးသမီးတိုင်း တောင့်တကြတဲ့အရာတစ်ခုပါပဲ့နော်။ အဲ့ဒါကြောင့်လည်း ယနေ့ခေတ်မှာ အမျိုးသမီးတိုင်းလိုလို အသားအရေအလှအပအတွက် အချိန်ပေးပြီးတောင် ဂရုစိုက်ထိန်းသိမ်းလာကြတာကို တွေ့ရပါတယ်။ မျက်နှာအသားအရေကို အမြဲတမ်း ဂရုစိုက်လေ့ရှိကြပေမယ့် တခါတလေမှာတော့ ခန္ဓာကိုယ်အသားအရေကို  ဂရုတစိုက် ထိန်းသိမ်းဖို့ မေ့နေတတ်ကြပါတယ်။

ဒါ့ကြောင့် သင့်ခန္ဓာကိုယ် အသားအရေလေး ကြည်တောက်စိုပြေပြီး ကျန်းမာအားပြည့်စေဖို့အတွက် အသားအရေထိခိုက်ပျက်စီးတာမျိုး အလွယ်တကူမဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို လိုက်နာလုပ်ဆောင်ပေးဖို့ တိုက်တွန်းပါရစေနော်…

ရေနွေးပူပူနဲ့ ရေချိုးခြင်းကို ရှောင်ပါ

ရေနွေးပူပူဟာ သင့်ကို သက်သောင့်သက်သာဖြစ်စေသလိုပင်ပန်းနွမ်းနယ်မှုကို သက်သာစေပေမယ့်လည်း သင့်ခန္ဓာကိုယ်ပေါ်က သဘာဝအဆီကို ဖယ်ရှားပစ်လိုက်တာကြောင့် အသားအရေကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ရေနွေးပူပူနဲ့ ရေချိုးခြင်းကို ရှောင်ပါ။

တဘက်နဲ့ ညင်သာစွာသုတ်ပေးပါ

ရေချိုးပြီးရင် သင့်မျက်နှာကိုရော ခန္ဓာကိုယ်အသားအရေကိုပါ တဘက်နဲ့ ခပ်ဖွဖွလေး ညင်သာစွာသုတ်ပေးပါ။ တဘက်ကို ခပ်ကြမ်းကြမ်းပွတ်တိုက်ပေးလိုက်ရင် အသားအရေ ကြမ်းတမ်း ပျက်စီးစေနိုင်ပါတယ်။

နေ့စဉ် Body Lotion လိမ်းပေးဖို့ မမေ့ပါနဲ့

မျက်နှာအတွက် အမြဲတမ်း ခရင်မ်တခုခုလိမ်းသလိုပဲ သင့်ခန္ဓာကိုယ်အသားအရေအတွက်လည်း Body Lotion လိမ်းပေးဖို့လိုအပ်ပါတယ်။ သင့်ရဲ့ အသားအရေနဲ့ ကိုက်ညီပြီး နေရောင်ခြည်ဒဏ်ကို  ကာကွယ်ပေးနိုင်တဲ့ Sunscreen ပါတဲ့  Body Lotion မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

တစ်နေ့ကို ရေ ၆ ခွက်မှ ၈ ခွက်အထိသောက်ပါ

သင့်အသားအရေ တဖြည်းဖြည်း ခြောက်သွေ့လာတယ်လို့ ခံစားနေရပါသလား။ ဒါဟာ ရေအလုံအလောက်မသောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး ၆ ခွက်မှ ၈ ခွက်အထိ သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်အပြင်ပိုင်းသာမက အတွင်းပိုင်းကိုလည်း ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။