ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်ကပြောတဲ့စကားကို နောက်တစ်ယောက်က နားမထောင်တော့ဘူး အကြံဉာဏ်စိတ်ကူးတွေကိုလည်း စိတ်မဝင်စားတော့ဘူးဆိုရင် တဖြည်းဖြည်းနဲ့ လမ်းဆုံးနီးလာပြီလို့ ပြောလို့ရပါတယ်။ တစ်ယောက်က ပြောလိုက်တဲ့ စကားကို အခြားတစ်ယောက်က မကြိုက်နှစ်သက်တော့ဘူးဆိုရင် တစ်ယောက်ကိုတစ်ယော်က အဝေးကို တွန်းထုတ်နေသလို ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေကြားမှာ နားလည်မှုလွဲမှားတာတွေမဖြစ်အောင် ကူညီနိုင်မယ့် အကြံဉာဏ်ကောင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားတဲ့အခါမှာ အငြင်းစကားလုံးတွေကို တက်နိုင်သမျှရှောင်ရှားပါ

Photo : Shutterstock

အငြင်းစကားလုံးတွေဖြစ်တဲ့ “မလုပ်ဘူး၊ မလုပ်ချင်ဘူး” စတဲ့ စကားလုံးတွေဟာ အဆိုးမြင်ဝါဒ တွေကိုထုတ်ဖော်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောပြချင်တဲ့အခါမှာ ဒီလိုစကားလုံးတွေကို တက်နိုင်သမျှရှောင်ရှားပေးသင့်ပါတယ်။ ဒီစကားလုံးတွေ သုံးမယ်ဆိုရင် သင့်ရဲ့ပါတနာအနေနဲ့ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နားလည်ရခက်နေပါလိမ့်မယ်။

အဆိုး – နင်ငါ့ကို ထိန်းချုပ်မှာ မလိုလားဘူး

အကောင်း – နင်ငါ့ကို ယုံကြည်စေချင်တယ်။

(၂) “ဒါပေမယ့်” ဆိုတဲ့စကားလုံးအစား “ပြီးတော့” ဆိုတဲ့စကားလုံး သုံးပေးပါ

Photo : Shutterstock

ဒီစည်းမျဉ်းလေးက ရိုးရှင်းပုံပေါ်ပါတယ်။ ဒါပေမယ့် တကယ်လိုက်နာကျင့်သုံးတဲ့အခါမှာတော့ အချိန်တွေအများကြီးပေးကာ လေ့ကျင့်ယူရလေ့ ရှိတာကို တွေ့မြင်လာပါလိမ့်မယ်။ ဒီစည်းမျဉ်းလေးက ချစ်သူစုံတွဲတွေကြားမှာ တကယ်ကို အသုံးဝင်ပါတယ်။ ချစ်သူနှစ်ဦးကြား စကားအခြေအတင် ဖြစ်စေမယ့် အခြေအနေတွေကနေ ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့်ဒီစည်းမျဉ်းကို အသုံးချကြည့်ပါ။ ရလဒ်ကို သင်ကျေနပ်ပါလိမ့်မယ်။

အဆိုး – ငါနင့်ကို နားလည်တယ်။ ဒါပေမယ့် နင်လည်းငါ့ကို နားလည်စေချင်တယ်။

အကောင်း – ငါနင့်ကို နားလည်တယ်။ ပြီးတော့ နင်လည်းငါ့ကို နားလည်စေချင်တယ်။

(၃) ချီးမွမ်းတာတွေကို အဆိုးမြင်စကားလုံးတွေနဲ့ မဖျက်စီးပါနဲ့

Photo : Shutterstock

တချို့လူတွေက ချီးမွမ်းစကားပြောတာနဲ့ ဝေဖန်တဲ့ စကားလုံးတွေကို ရောနှောပြီး သုံးတတ်ကြပါတယ်။ ဒါကို သူတို့က ကျေနပ်နေလေ့ရှိကြပြီး သူတို့ကိုယ်သူတို့ တော်တဲ့ထက်တဲ့ လူတွေလို့လည်း ယူဆထားကြပါတယ်။ တကယ်တော့ သူတို့တွေဟာ မကောင်းတဲ့အရာတွေအပေါ် တုံ့ပြန်မှုအားကောင်းတဲ့ ဦးနှောက်တွေရှိနေကြလို့ပါပဲ။ လူတစ်ယောက်ကို ချီးမွမ်းစကားပြောတော့မယ်ဆိုရင် ဝေဖန်တဲ့စကားလုံးတွေ မသုံးမိတာ အကောင်းဆုံးပါ။

အဆိုး – ညစာက စားလို့ကောင်းတယ်။ မနေ့ညကနဲ့ မတူဘူး။

အကောင်း – ညစာက စားလို့ကောင်းတယ်။ ကျေးဇူးပဲနော်။

လူတွေက စကားလုံးရဲ့ စွမ်းအားကို နားလည်ကြပေမယ့် ကျင့်ကြံအားထုတ်ဖို့ လုပ်ဖို့အတွက် ပျင်းရိနေတက်ကြတယ်။ စကားအပြောအဆို တက်တဲ့လူတွေဟာ ချစ်သူရည်းစားကြားမှာသာမက စီးပွားရေးလုပ်ငန်းတွေမှာလည်း အဆင်ပြေချောမွေ့ကြပါတယ်။